Friday, September 07, 2007

ကျွန်တော်နှင့် စက်တင်ဘာလ ၁ရက်

နီးရာဆိုင်ထဲကို အမြန်ပြေးဝင်လိုက်ပြီးတော့ စားပွဲထိုးလေးက
“ကြက်သားလား၊ ဆိတ်သားလား”
တဲ့မေးတယ်။ အလောတကြီးနဲ့ဆိုတော့ သေချာမကြည့်ပဲဝင်လာတာ။ ခုမှ ဒန်ပေါက်ဆိုင်မှန်းသိတယ်။ သိပ်တော့မကြိုက်ပေမယ့် မရွေးနိုင်တော့ဘူး။ အချိန်က မရှိဘူးလေ။ စိတ်ကပဲလောနေလို့လား၊ မကြိုက်လို့ပဲလားမသိပေမယ့် တစ်ပွဲတောင်မကုန်ပဲ ပိုက်ဆံရှင်းပြီးထွက်လာခဲ့တယ်။ နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲနားရောက်နေပြီ။ တော်တော်လေးကိုနောက်ကျနေပြီပဲ။ ဒါနဲ့ အမြန်ဆုံးနဲ့ရောက်မယ့်နည်းကို စဉ်းစားလိုက်တော့ တစ်နည်းပဲရှိတယ်။ ကိုယ်ပိုင်ကားမရှိပေမယ့် ခဏလောက်တော့ ပိုင်မယ့်ကားတွေ လမ်းပေါ်မှာ အများကြီးပဲလေ။ ခဏလောက်ပိုင်မယ့်ကားတစ်စီးကို တားလိုက်တော့ ပြောလိုက်တဲ့ဈေးကမသေးဘူးဗျာ။ နည်းနည်းလောက် ဈေးဆစ်ကြည့်တော့ သူတို့ဖွင့်နေကျ ဓာတ်ပြားဟောင်းတွေကို ဖွင့်ပြကြတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီခေတ်ကြီးရဲ့ တစ်လမ်းသွားကုန်ဈေးနှုန်းတွေကြားမှာ ရုန်းကန်နေရတဲ့သူတို့တွေဘ၀ သိပ်တော့မလွယ်ကြပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ကားဆရာက သဘောကောင်းစွာနဲ့ ၂၀၀ကျပ်လျှော့ပေးလိုက်တော့ အားနာနာနဲ့ပဲ ကားပေါ်တက်လိုက်တယ်။ အဲဒီလိုနဲ့ပဲ ရန်ကုန်မြို့ရဲ့ နည်းပညာရပ်ဝန်းဆိုတဲ့ နေရာကြီးကိုရောက်သွားခဲ့တော့တယ်။
ခန်းမရှေ့ကိုရောက်တော့ Why Do We Blog? ဆိုတဲ့စာသားလေးတွေကိုမြင်လိုက်ရတယ်။ သေချာပါပြီ။ ကျွန်တော်လာတာလဲ ဒီနေရာကိုပါပဲ။ အဲ… ခက်တာက ကျွန်တော်က ဘယ်သူ့ကိုမှ မသိပါဘူး။ ကျွန်တော့်ကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဧည့်ကြိုကောင်တာနောက်နားလေးမှာတော့ တိုက်ပုံနဲ့လူတစ်ချို့ရယ် ကင်မရာကြီးနဲ့ လူတစ်ယောက်ရယ် ခေါင်းချင်းဆိုင်ဆွေးနွေးနေကြတာကိုတော့တွေ့တယ်။ ဟိုဟိုဒီဒီကြည့်ပြီး ခန်းမထဲကိုဝင်လာခဲ့တယ်။ တကယ်ကိုပါပဲဗျာ။ ပရိတ်သတ်တွေဆိုတာ တော်တော်ကိုများပါတယ်။ ခန်းမတစ်ခုလုံးကို အပြည့်ပဲဗျ။ စင်ပေါ်မှာတော့ တိုက်ပုံဝတ်ထားတဲ့ အသားညိုညိုနဲ့ပုဂ္ဂိုလ်တစ်ယောက် ဟောပြောနေတာကိုတွေ့တယ်။ ဟိုနားဒီနားကြည့်လိုက်တော့ ကင်မရာတစ်လုံးနဲ့ မြင်ဖူးသလိုလိုရှိတဲ့ လူတစ်ယောက်ကိုတွေ့တော့ နှုတ်ဆက်လိုက်တယ်။
“အစ်ကိုက ကိုစိုးဇေယျလားခင်ဗျ။”
“ဟုတ်ပါတယ်။ အစ်ကိုက…”
“ကျွန်တော် ဝေယံလင်းပါ။”
ထိုအခါမှပဲ သတင်းထောက်ကြီး ကျွန်တော့်ကို သိသွားပြီးတခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပါတယ်။ အားလုံးကလည်း တကယ်ကို ရင်းရင်းနှီးနှီးရှိကြပါတယ်။ ကျွန်တော်မရောက်ခင်မှာ ကိုနေဘုန်းလတ်က ဘာတွေလွတ်ကျခဲ့တယ်ဆိုတဲ့အကြောင်းပြောသွားသလို၊ မဘာညာကလည်း သူ့ရဲ့ဘာညာကွိကွတွေကို ပြောသွားတယ်ဆိုပဲ။ ကျွန်တော်ကမမှီလိုက်တော့ ဘာမှမသလိုက်ဘူးဖြစ်သွားတယ်။ ကျွန်တော်ရောက်တော့ စင်ပေါ်မှာရှိနေတဲ့ တိုက်ပုံနဲ့ပုဂ္ဂိုလ်က ကိုစေတန်ဂေါ့တဲ့။ သူတစ်ရောက်ထဲနဲ့တင် တော်တော်လေးကြာအောင် ပြောသွားပါတယ်။ အဲဒီနောက်မှာတော့ ကိုမျက်လုံး (မကြာခင်မှာ မျက်စဉ်းဆိုပြီး နာမည်ပြောင်းတော့မယ်လို့ ကြားပါတယ်)နဲ့ မမယ်လိုဒီမောင်တို့က ဆက်ပြီးပြောကြပါတယ်။ ပရိတ်သတ်နဲ့ အမေးအဖြေအစီအစဉ်မှာတော့ ကိုစိုးဇေယျက သူ့ရဲ့ပညာတွေကို ထုတ်သုံးပြီး ပရိတ်သတ်ကြီးကို တောင်မေးမြောက်မေး ဟိုမေးဒီမေး မေးနေပါတယ်။ နောက်ပြီး ပရိတ်သတ်တစ်ရောက်နဲ့ မိုက်ကြီးကိုင်ပြီး အတွင်းအားပြိုင်နေတာကိုလည်း တွေ့လိုက်ရသေးတယ်။ ပရိတ်သတ်များကမေးမြန်းထားတဲ့ မေးခွန်းတွေကိုတော့ ကိုနေဘုန်းလတ်၊ ကိုညီလင်းဆက်နဲ့ ကိုစေတန်တို့က ပညာသားပါစွာနဲ့ ပြန်လည်ဖြေကြားသွားပါတယ်။ နောက်ဆုံးအစီအစဉ်ကတော့ ကံစမ်းမဲအစီအစဉ်ဖြစ်ပြီး အားလုံးပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးပါ။

အခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်း ကြေညာသံအဆုံးမှာ ထွက်ပေါ်လာတဲ့ ပရိတ်သတ်ရဲ့လက်ခုပ်သံနဲ့အတူ ပွဲကိုစီစဉ်ကြသူ ဘလော့ဂါများရဲ့ မျက်နှာတွေပေါ်မှာတော့ ပီတိများ၊ အားရကျေနပ်မှုများနဲ့ ပျော်ရွှင်မှုများပြည့်နှက်နေတာကို မြင်လိုက်ရပါတယ်။ ဒီလိုပွဲတစ်ခုကို စီစဉ်နိုင်ခဲ့ကြတဲ့ သူငယ်ချင်းဘလော့ဂါမောင်မယ်များကိုယ်စား ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ။


Read More...