Saturday, April 28, 2007

ပိုက်ဆံရှာမယ်ဆိုရင်

ကျွန်တော် ဒီနိုင်ငံကိုရောက်ပြီးသိပ်မကြာခင်မှာ အတန်းထဲကသူငယ်ချင်းတစ်ယောက် (Singaporean) က တစ်ရက်မှာမေးလာပါတယ်။
“မင်းဒီနေ့ညနေအားလား။”
“အားတော့အားပါတယ်။ ဘာဖြစ်လို့လဲဟ”
“ငါအလုပ်လုပ်နေတဲ့ နေရာနားမှာ အစားအသောက်ကောင်းကောင်းရောင်းတဲ့ဆိုင်ရှိတယ်။ မင်းကိုလိုက်စားစေချင်လို့။ မရောက်ဖူးဘူးမဟုတ်လား။”
“အင်း။ မရောက်ဖူးဘူး။”
“ဒါဆိုရင် ညနေလာခဲ့။ ဘူတာမှာ ငါလာစောင့်ပေးမယ်။”
သူလည်း အတင်းခေါ်နေတာနဲ့ ကျွန်တော်လည်းလာမယ်လို့ပြောလိုက်တယ်။

အဲဒီညနေရောက်တော့ သူကကျွန်တော့်ကို ရထားဘူတာမှာ လာစောင့်ပေးတယ်ဗျ။ ပြီးတော့အဲဒီနားမှာပဲ ညစာထိုင်စားကြတယ်။ စားရင်းနဲ့စကားတွေပြောကြတာပေါ့။ ပြောရင်းနဲ့ သူကသူ့အလုပ်မှာ ဟောပြောပွဲရှိတယ်တဲ့။ လိုက်နားထောင်ကြည့်မလားတဲ့။ စီးပွားရေးနဲ့ဆိုင်တဲ့ ဟောပြောပွဲတစ်ခုလို့ပြောတယ်။ ကျွန်တော်ကလည်း ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတယ်ဆိုတော့ ဘာများလဲဆိုပြီးလိုက်သွားလိုက်တယ်လေ။ ဟိုရောက်တော့ သူတို့အလုပ်က တော်တော်ကို သားသားနားနားကိုလုပ်ထားကြတာ။ အကုန်လုံးက အနောက်တိုင်းဝတ်စုံ သားသားနားနားတွေဝတ်ထားကြတယ်။ ဟောပြောပွဲစပြီဆိုပြီးသွားထိုင်တော့ ပြောတဲ့လူက တရုတ်လိုပဲပြောမှာတဲ့။ ဒါနဲ့ပဲအပြင်ထွက်လာတော့ သူငယ်ချင်းက သူ့ဆရာတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ နောက်ပြီးသူတို့စီးပွားရေးအကြောင်း ရှင်းပြမယ်ဆိုပြီး စားပွဲတစ်လုံးမှာထိုင်ခိုင်းတယ်။ အဲဒီတော့မှ ထိုမောင်မင်းကြီးသား ကျွန်တော့်ကိုသဘောကောင်းစွာနဲ့ ဖိတ်ခေါ်နေတာ ဘာကြောင့်လဲဆိုတာ ရိပ်မိလိုက်ပါတော့တယ်။ ကျွန်တော့်ကို သူတို့ဆီမှာ ပိုက်ဆံထည့်ဖို့ အတင်းကိုပြောပါတော့တယ်။ သူတို့လုပ်နေတာကတော့ လူသိများလာတဲ့ Network Marketing ပါပဲ။ သူပြောပြနေရင်းနဲ့ကို နားထဲမှာရှုပ်နေတာ။ တော်တော်ရှုပ်တဲ့လုပ်ပုံလုပ်နည်းတွေပဲ။ ရှင်းပြရင် အရှည်ကြီးဖြစ်သွားပါလိမ့်မယ်။ အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင် အဲဒီထဲကိုဝင်ပြီးတဲ့လူဟာ ခုလိုမျိုး ထပ်ဝင်မယ့်လူအသစ်လေးတွေကို လိုက်ခေါ်ရပါတယ်။ ခေါ်လို့မရရင် ပိုက်ဆံမရဘူးတဲ့။ ၀င်ဖို့ကို ရှယ်ရာထည့်ရမယ့် ပိုက်ဆံကလည်းမနည်းပါဘူး။ ကျွန်တော်သဘောပေါက်လိုက်တာတစ်ခုကတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ဟာတွေပါနေတာပါ။ ကျွန်တော်က လက်မခံနိုင်တဲ့အတွက် အတင်းကိုငြင်းပြီး ပြန်လာရပါတယ်။ သူတို့ကအတင်းဖိအားပေးပြီးဝင်ခိုင်းတယ်။ ကျွန်တော်ကလည်း မလုပ်ဘူးဆိုလုံးဝကိုမလုပ်ချင်ပါ။ ကျွန်တော့်စိတ်ထဲမှာ ယုံကြည်မှုမရှိတဲ့အတွက်လည်း စိတ်မ၀င်စားပါ။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားမှုနဲ့ ထင်မြင်ယူဆချက်ပါ။ ခုချိန်ထိ ဒီနိုင်ငံမှာ အဲဒီအလုပ်ကိုလုပ်နေကြတဲ့ မြန်မာလူမျိုးတွေ အများကြီးရှိနေပါတယ်။ ကောင်းတယ်မကောင်းဘူးဆိုတာတော့ မပြောချင်ပါဘူး။ ကိုယ်ပိုင်ဦးနှောက်နဲ့ ဆင်ချင်ဆုံးဖြတ်သွားရင် ဘာလဲဆိုတာ မြင်လာမှာပါ။ အဓိကကတော့ လောဘစိတ်ကိုထိန်းချုပ်နိုင်ဖို့တော့ လိုပါမယ်။ မဟုတ်ရင်တော့ သူတို့ပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ပြီး ချက်ချင်းချမ်းသာသွားသလို ခံစားလာရလိမ့်မယ်ဗျ။ ဒီလိုနဲ့ပဲ မေ့ပျောက်သွားတာပဲ။

ဒီနေ့မှာတော့ DVB မှာသီတင်းတစ်ပုဒ်ကိုဖတ်လိုက်ရပါတယ်။ စင်ကာပူအခြေစိုက် Bel Air ဆိုတဲ့ Company နာမည်ကိုသုံးပြီး မြန်မာနိုင်ငံသား ၅၀၀ လောက်အလိမ်ခံလိုက်ရတယ်တဲ့။ မြန်မာငွေသိန်းထောင်ပေါင်းများစွာ လိမ်ခံလိုက်ရတယ်။ လိမ်သွားတဲ့လူတွေကလည်း စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလို့ဆိုပါတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတဲ့အချက်တွေအရ Network Marketing အကြောင်းဟောပြောပွဲတစ်ခုလုပ်ပြီး ပိုက်ဆံထည့်ဝင်ခိုင်းတာဖြစ်ပါတယ်။ အမှန်တကယ် လိမ်သွားခြင်းဟုတ်မဟုတ်ကိုတော့ ကျွန်တော်ဘယ်လိုမှ မပြောတတ်ပါ။ သတင်းတွင်ပါသည့် အကြောင်းများကို ပြန်တင်ပြထားခြင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို သိချင်ရင်တော့ ဟောဒီမှာ သွားကြည့်နိုင်ပါတယ်။ အောက်ကပုံလေးကိုလည်း ကြည့်ကြည့်ပါဦးလား။

Image Hosted by ImageShack.us


Technorati:,

3 comments:

A random thoughts of a Burmese man said...

ဒီလိုလိမ်တာမျိုးက မြန်မာပြည်ကိုတောင်ရောက်နေပြီ ထင်တယ်ဗျ၊ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ မြန်မာများကို များများ အသိပေးသင့်တယ်ဗျ ဒါမှ ကိုယ့်ရဲ့ချွေးနဲစာ လေးတွေ အလဟသမဆုံးရှုံးမှာ.....

Wai Yan said...

ကျွန်တော်သိတဲ့ အချို့မြန်မာတွေလည်း အဲဒီလိုမျိုးပိုက်ဆံမက်ပြီး ရှယ်ရာတွေဝယ်မိကြတယ်ဗျ။ ပိုက်ဆံအများကြီးပေးပြီးမှတော့ သူတို့လည်းမရှုံးချင်လို့ အဲဒီလိုလူတွေလိုက်စုနေရတယ်ဗျ။ ကျွန်တော်ကတော့ ဘာမှတ်ချက်မှမပေးချင်ပါဘူး။ အဓိကက ဦးနှောက်ကလေး သုံးပြီးစဉ်းစားကြည့်ရင် ဘယ်လိုဟာမျိုးလဲဆိုတာ ပေါ်လွင်လာမှာပါ။ ဖြတ်လမ်းဆိုတာ မကောင်းပါဘူးဗျာ။

mgthantzin said...

အင်း... ကျွန်တော်တို့ မြန်မာတွေ အလုပ်များတဲ့ Bel Air ဆိုတဲ့ ကုမ္ပဏီ ရန်ကုန်မှာ ဘာသွားလုပ်တယ် မသိဘူး။ လိမ်လည်မှုဆိုပြီး Case တွေ တက်နေလေ့ရဲ့။ စိတ်ညစ်ပ။