Manchester United အသင်းက Everton အသင်းကို ရှုံးနေရာကနေ အသည်းအသန်လိုက်ကစားပြီး ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိသွားတဲ့အတွက် ဒုတိယနေရာကလိုက်နေတဲ့ Chelsea အသင်းကို ၅မှတ်ဖြတ်ထားနိုင်လိုက်ပါတယ်။ ပထမပိုင်း ၁၂မိနစ်မှာရတဲ့ဖရီးကစ်ကနေတဆင့် Michael Carrick နဲ့ထိကာလမ်းကြောင်းပြောင်းပြီးဂိုးပေးလိုက်ရပါတယ်။ ပထမပိုင်းပြီးတော့ ၁-၀ နဲ့ မန်ယူရှုံးနေပါတယ်။ ဒုတိယပိုင်းစပြီး ၅မိနစ်လောက်အကြာမှာပဲ တစ်ဂိုးထပ်ပေးလိုက်ရတဲ့အတွက် ၂ ဂိုး ၀ နဲ့ရှုံးနိမ့်တော့မယ့်အခြေအနေရောက်သွားပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၁မိနစ်အကြာမှာတော့ အဲဗာတန်ဂိုးသမားရဲ့ အမှားကနေတဆင့် O'Shea ကမန်ယူအတွက် ပထမခြေပဂိုးကိုသွင်းပေးလိုက်ပါတယ်။ အဲဒီနောက် မန်ယူကတရစပ်ဖိကစားလာတဲ့အတွက် ၆၈မိနစ်မှာ မန်ယူကစားသမားဟောင်း Phil Neville ကိုယ့်ဂိုးကို သွင်းမိတာကြောင့် ခြေပဂိုးရသွားပြီး မန်ယူတို့အားတက်သွားပါတယ်။ အဲဒီအချိန်မှာ Chelsea နဲ့ Bolton တို့ ၂ဂိုးစီသရေကျနေပါတယ်။ မန်ယူက ဆက်တိုက်ဖိကစားရင်း ၇၉မိနစ်မှာတော့ Rooney ရဲ့အနိုင်ဂိုး၊ ပွဲပြီးကာနီး ၉၀မိနစ်မှာ လူစားဝင်လာတဲ့ Eagles တို့ရဲ့ဂိုးတွေနဲ့ အနိုင်၃မှတ်ကိုရယူပြီး ချန်ပီယံဖြစ်ရန်အခြေအနေအကောင်းဆုံးအနေအထားကို ရောက်သွားပါပြီ။
Technorati:manutd, soccer
Blog Directory
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာဘလော့များကို လက်လှမ်းမှီသလောက် စုစည်းပေးထားတဲ့ နေရာလေးဖြစ်ပါတယ်။
mmblogdirectory.blogspot.com
Recent Comments
Links
Blog Archive
Labels
- Academy Awards (1)
- blog (1)
- blog address (1)
- Desktop Sharing (1)
- essay (1)
- experience (1)
- feeling (1)
- Firefix add-ons (1)
- firefox add-on (1)
- freeware (6)
- habits (1)
- hacks (3)
- html (1)
- IT (1)
- ITP (2)
- launchy (1)
- life (2)
- manutd (3)
- me (3)
- microsoft (1)
- Myanmar (8)
- myanmar thingyan (1)
- network operating system (1)
- new blogger template (2)
- news (6)
- opinion (1)
- others (2)
- PDFCreator (1)
- peek-a-boo post (1)
- people (1)
- personal (2)
- photoshop (1)
- poem (4)
- Safari 3 Beta (1)
- share (1)
- shortcut keys (1)
- singapore (1)
- soccer (4)
- software (1)
- sp (1)
- switch menu (1)
- tabview (1)
- taggging (1)
- Teamviewer (1)
- technology (5)
- testing (1)
- thoughts (9)
- tooler (1)
- tools (1)
- tutorial (1)
- under construction (1)
- userbar (1)
- web design (1)
- widget (1)
- windows (2)
- Windows Hacks (1)
- xplorer2_lite (1)
Sunday, April 29, 2007
Man Utd Vs Everton
Saturday, April 28, 2007
ကျွန်တော့်အကြောင်း ၁၀ချက်
ကြံကြံဖန်ဖန်လုပ်ကြတယ်ဗျာ။ Tag Game ဆိုပြီးဟိုလူတွေကို တက်ခိုင်းလိုက် ဒီလူတွေကိုတက်ခိုင်းလိုက်နဲ့။ ကျွန်တော်လည်း ဟိုလူတက်၊ ဒီလူတက် အကုန်တက်တာတွေ လိုက်ဖတ်ရင်းသဘောတော့ကျမိသား။ မာမီရန် ... အဲ.... ကိုရန်အောင်ရဲ့ဘလော့ကိုလည်းရောက်ရော အတက်ခံလိုက်ရတယ်ဗျ။ ပြီးတော့ မရေးရင်ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ကျိန်စာလိုလို ဘာလိုလိုနဲ့ခြိမ်းလိုက်ခြောက်လိုက်သေးတယ်။ သူကတော့ မရေးမိလို့ နိဂရိုးမတွေ ၀ိုင်းလိုက်တာခံလိုက်ရတယ်လို့ပြောတာပဲဗျ။ အဲဒီတုန်းက လူကသိပ်နေမကောင်းတော့ မရေးနိုင်ဘူးဖြစ်နေတာ။ ခုမှနည်းနည်းလေး ကောင်းစပြုလာပြီ။ ထူးဆန်းလား မထူးဆန်းလားတော့မသိဘူး။ ရေးတော့ရေးလိုက်ပြီ။ လာလေရော့ ....၁။ ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်ပါသည်။ သို့သော် သွေးမြင်လျှင် ကြောက်တတ်ပါသည်။ တီဗီတွင် ခွဲစိတ်နေသောပုံများပြသည့် အစီအစဉ်လာလျှင် ထပြေးတတ်ပါသည်။ ငယ်ငယ်ကတည်းက ထိုကြောက်စိတ်မှာ ယခုချိန်ထိလည်း မပျောက်သေးပါ။ ၁၀ တန်းအောင်သောအခါ သွားဘက်ဆိုင်ရာတက္ကသိုလ်သို့ လျှောက်ခိုင်းပါသည်။ မဖြစ်နိုင်ပါ။ ထို့ကြောင့် မလျှောက်ပါ။ သွေးထွက်သံယိုမြင်ကွင်းများကို ကြည့်ရဲသည့်စိတ်ဓာတ် ပါမလာခဲ့ပါ။
၂။ ငယ်စဉ်က ထမင်းစားလျှင် အလွန်ချေးများပါသည်။ ၀က်သားဆိုလျှင် ကြော်ထားမှစားပါသည်။ ၀က်သားချက်ကို လုံးဝမစားပါ။ ကြက်သားဆိုလျှင်လည်း ထိုနည်းလည်းကောင်း။ ချက်ထားလျှင် လုံးဝကို တို့မကြည့်ပါ။ သို့ရာတွင် ထိုအကျင့်များ ယခုမရှိတော့ပါ။ ၁၀ တန်းအောင်၍ ကောလိပ်ကျောင်းစတက်ရာမှ ဟင်းမျိုးပေါင်းစုံ စားတတ်လာပါသည်။ မစား၍လည်းမရတော့ပါ။ ချေးများနေလျှင် ထမင်းငတ်သွားလိမ့်မည်။
၃။ သခွါးသီးကို လုံးဝအနံ့ခံလို့မရပါ။ ထိုအနံ့ရလျှင် တစ်မျိုးကြီးဖြစ်လာပါသည်။ ထို့ကြောင့် သခွါးသီးပါသော အရာများကို လုံးဝမစားတတ်ပါ။
၎။ ငယ်စဉ်တည်းက ယခုချိန်ထိ ဆန်ပြုတ်ကို လုံးဝကိုစားလို့မရပါ။ တော်တော်ဆိုးသည့်အချက်ဖြစ်သည်။ နေမကောင်းဖြစ်ပြီဆိုလျှင် အတော်ကိုဒုက္ခရောက်ရပါသည်။ ရေကြဲထဲတွင် ပျော့စိစိထမင်းစေ့များကိုကြည့်ရင်း တစ်ခုခုနှင့်တူနေသည်ဟု ခံစားမိကာ ဘယ်လိုမှစားလို့မရပါ။
၅။ စာရေးအင်မတန်ညံ့ပါသည်။ ၁၀ တန်းစာမေးပွဲဖြေသောအခါ စာစီစာကုံးသည် မဖြေမနေရဖြစ်နေ၏။ ထို့ကြောင့်ရေးပေးလိုက်သည်။ စာစီစာကုံးတို့၏ လိုအပ်ချက်အတိုင်း အားလုံးပေါင်း ၃ ပိုဒ်ပဲပါသည်။ တစ်မျက်နှာပဲရှိသည်။ ဘယ်လိုမှဆက်မရေးတတ်တော့ပါ။ တစ်မျက်နှာပြည့်အောင် စာတစ်ကြောင်းနှင့် တစ်ကြောင်းကြားတွင် လက်ညှိုးတစ်လုံးစာ ခြားပြီးရေးပေးလိုက်ရပါသည်။ ထို့ကြောင့် အမှတ်ထွက်လာသောအခါ ၆၀ ကျော်ပဲရခဲ့၏။
၆။ ငယ်စဉ်က အင်မတန်ကို ရှက်တတ်ပါသည်။ ကောင်မလေးများနှင့် စကားပြောရမည့်အချိန်တွင် ပိုဆိုးတတ်ပါသည်။ သူစိမ်းမိန်းကလေးတစ်ယောက်နှင့် စကားပြောရလျှင် မျက်နှာကို မကြည့်ရဲပါ။ ခုတော့ ပုံမှန်ဖြစ်သွားပါပြီ။
၇။ အလုံးနှင့်ပတ်သက်သော အားကစားနည်း တော်တော်များများကို ကစားပါသည်။ ကြွေဒိုးပစ်သည်။ ဘောလုံးကန်သည်။ ခြင်းလုံးခတ်သည်။ ဘိလိယက်ထိုးသည်။ Table Tennis ကစားသည်။ Golf နှင့် Tennis ကိုတော့ ပိုက်ဆံအလွန်ကုန်သော အားကစားများဖြစ်နေသောကြောင့် လှည့်မကြည့်ပါ။
၈။ အားကစားနည်းအားလုံးတွင် ဘောလုံးကို အလွန်ရူးသွပ်သည်။ ဘောလုံးကန်ခြင်းနှင့် ဘောလုံးပွဲကြည့်ခြင်းများမှာ ကျွန်တော်အများဆုံးလုပ်လေ့ရှိသော အရာများဖြစ်သည်။ ငယ်ငယ်က လမ်းဘေးတွင် ကန်သည်။ နည်းနည်းကြီးလာတော့ ဘောလုံးကွင်းထဲတွင်ကန်သည်။ အပြင်မှာမကန်ရလျှင် ဂိမ်းထဲတွင်ကန်သည်။ ဘောလုံးဂိမ်းဆော့နေလျှင် တစ်နေကုန်ထိုင်ပြီးဆော့သည်။
၉။ မျိုးကျော့မြိုင်နှင့် အရင်ဘ၀က အမျိုးတော်ခဲ့သည်ထင်၏။ အမြဲတန်းကို နောက်ကျတတ်ပါသည်။ အတန်းချိန်တိုင်း နောက်ကျသည်။ ဘယ်ကိုသွားသွား ချိန်းထားသောအချိန်ထက် ဘယ်တုန်းကမှ စောမရောက်ခဲ့။ မဖြစ်မနေ ပြင်ဆင်ရမည်ဖြစ်သော အချက်တစ်ချက်ဖြစ်ပါသည်။
၁၀။ အင်မတန်စိတ်ကြီးပြီး အင်မတန်စိတ်တိုတတ်ပါသည်။ ငယ်ငယ်က စိတ်တိုလာလျှင် တစ်ခုခုကို လုပ်လိုက်ရမှ စိတ်ပြေသွားပါသည်။ နံရံကိုလက်သီးနှင့် ခဏခဏထိုးသောကြောင့် ခဏခဏ လက်တွေပြဲကာရောင်ရမ်းခဲ့ဖူးသည်။ ဒီထက်ဆိုးလာလျှင် ကိုယ့်ကိုယ်ကို လက်သီးနှင့်ထိုးသည်။ ထို့ကြောင့် ပါးနှစ်ဖက်မှာ မကြာခဏ ညိုမည်းစွဲ၏။ ခုတော့ အသက်တွေလည်း ကြီးလားပြီဖြစ်သောကြောင့် စိတ်တွေနည်းနည်း လျော့လာပြီဖြစ်သည်။
ထိုထက်မကရှိဦးမှာပါ။ ဒါပေမယ့်ဒီ ၁၀ ချက်နဲ့ပဲရပ်ထားလိုက်တော့မယ်။ တချို့ဟာတွေက လူတွေသိတိုင်းကောင်းဘူးလေ။ အခုလိုရေးပြီးသကာလမှာ ဘယ်သူတွေကိုထပ်တက်ရမလဲလို့ စဉ်းစားပါတယ်။ တော်တော်များများက တက်ပြီးနေကြပြီဆိုတော့ခက်တယ်ဗျာ။ အနားမှာရှိတဲ့လူတွေကိုပဲတက်ရတော့မှာပဲ။ ကဲ.... လာထား...
၁။ မောင်သန့်ဇင် (တက်ခံရပြီးမရေးသေးလို့ ထပ်တက်လိုက်တာ။ မရေးရင် Sentosa ကမ်းခြေမှာ ငါးမန်းကိုက်ခံရမယ်။ ရေးရင် သြစတေးလျကို စကောလားနဲ့ ကျောင်းတက်ခွင့်ရမယ်တဲ့)
၂။ ဝေဖြိုးကျော်(မရေးရင် Apple Company ကြီးမကြာခင်ဒေ၀ါလီခံရမယ်။ ရေးရင် Steve Jobs ကမင်းကို အမွေစားအမွေခံအဖြစ်မွေးစားမယ်တဲ့။)
၃။ မြတ်မင်းဟန်(မရေးရင် ခုလုပ်နေတဲ့ ITP မပြီးပဲအလုပ်ကထုတ်ခံရမယ်။ ရေးရင် Pixel Work ကတစ်လကို ဒေါ်လာ ၅သောင်းနဲ့အလုပ်ခန့်စာရောက်လာလိမ့်မယ်တဲ့)
Technorati:tagging, me
ပိုက်ဆံရှာမယ်ဆိုရင်
ကျွန်တော် ဒီနိုင်ငံကိုရောက်ပြီးသိပ်မကြာခင်မှာ အတန်းထဲကသူငယ်ချင်းတစ်ယောက် (Singaporean) က တစ်ရက်မှာမေးလာပါတယ်။
“မင်းဒီနေ့ညနေအားလား။”
“အားတော့အားပါတယ်။ ဘာဖြစ်လို့လဲဟ”
“ငါအလုပ်လုပ်နေတဲ့ နေရာနားမှာ အစားအသောက်ကောင်းကောင်းရောင်းတဲ့ဆိုင်ရှိတယ်။ မင်းကိုလိုက်စားစေချင်လို့။ မရောက်ဖူးဘူးမဟုတ်လား။”
“အင်း။ မရောက်ဖူးဘူး။”
“ဒါဆိုရင် ညနေလာခဲ့။ ဘူတာမှာ ငါလာစောင့်ပေးမယ်။”
သူလည်း အတင်းခေါ်နေတာနဲ့ ကျွန်တော်လည်းလာမယ်လို့ပြောလိုက်တယ်။
အဲဒီညနေရောက်တော့ သူကကျွန်တော့်ကို ရထားဘူတာမှာ လာစောင့်ပေးတယ်ဗျ။ ပြီးတော့အဲဒီနားမှာပဲ ညစာထိုင်စားကြတယ်။ စားရင်းနဲ့စကားတွေပြောကြတာပေါ့။ ပြောရင်းနဲ့ သူကသူ့အလုပ်မှာ ဟောပြောပွဲရှိတယ်တဲ့။ လိုက်နားထောင်ကြည့်မလားတဲ့။ စီးပွားရေးနဲ့ဆိုင်တဲ့ ဟောပြောပွဲတစ်ခုလို့ပြောတယ်။ ကျွန်တော်ကလည်း ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတယ်ဆိုတော့ ဘာများလဲဆိုပြီးလိုက်သွားလိုက်တယ်လေ။ ဟိုရောက်တော့ သူတို့အလုပ်က တော်တော်ကို သားသားနားနားကိုလုပ်ထားကြတာ။ အကုန်လုံးက အနောက်တိုင်းဝတ်စုံ သားသားနားနားတွေဝတ်ထားကြတယ်။ ဟောပြောပွဲစပြီဆိုပြီးသွားထိုင်တော့ ပြောတဲ့လူက တရုတ်လိုပဲပြောမှာတဲ့။ ဒါနဲ့ပဲအပြင်ထွက်လာတော့ သူငယ်ချင်းက သူ့ဆရာတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ နောက်ပြီးသူတို့စီးပွားရေးအကြောင်း ရှင်းပြမယ်ဆိုပြီး စားပွဲတစ်လုံးမှာထိုင်ခိုင်းတယ်။ အဲဒီတော့မှ ထိုမောင်မင်းကြီးသား ကျွန်တော့်ကိုသဘောကောင်းစွာနဲ့ ဖိတ်ခေါ်နေတာ ဘာကြောင့်လဲဆိုတာ ရိပ်မိလိုက်ပါတော့တယ်။ ကျွန်တော့်ကို သူတို့ဆီမှာ ပိုက်ဆံထည့်ဖို့ အတင်းကိုပြောပါတော့တယ်။ သူတို့လုပ်နေတာကတော့ လူသိများလာတဲ့ Network Marketing ပါပဲ။ သူပြောပြနေရင်းနဲ့ကို နားထဲမှာရှုပ်နေတာ။ တော်တော်ရှုပ်တဲ့လုပ်ပုံလုပ်နည်းတွေပဲ။ ရှင်းပြရင် အရှည်ကြီးဖြစ်သွားပါလိမ့်မယ်။ အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင် အဲဒီထဲကိုဝင်ပြီးတဲ့လူဟာ ခုလိုမျိုး ထပ်ဝင်မယ့်လူအသစ်လေးတွေကို လိုက်ခေါ်ရပါတယ်။ ခေါ်လို့မရရင် ပိုက်ဆံမရဘူးတဲ့။ ၀င်ဖို့ကို ရှယ်ရာထည့်ရမယ့် ပိုက်ဆံကလည်းမနည်းပါဘူး။ ကျွန်တော်သဘောပေါက်လိုက်တာတစ်ခုကတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ဟာတွေပါနေတာပါ။ ကျွန်တော်က လက်မခံနိုင်တဲ့အတွက် အတင်းကိုငြင်းပြီး ပြန်လာရပါတယ်။ သူတို့ကအတင်းဖိအားပေးပြီးဝင်ခိုင်းတယ်။ ကျွန်တော်ကလည်း မလုပ်ဘူးဆိုလုံးဝကိုမလုပ်ချင်ပါ။ ကျွန်တော့်စိတ်ထဲမှာ ယုံကြည်မှုမရှိတဲ့အတွက်လည်း စိတ်မ၀င်စားပါ။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားမှုနဲ့ ထင်မြင်ယူဆချက်ပါ။ ခုချိန်ထိ ဒီနိုင်ငံမှာ အဲဒီအလုပ်ကိုလုပ်နေကြတဲ့ မြန်မာလူမျိုးတွေ အများကြီးရှိနေပါတယ်။ ကောင်းတယ်မကောင်းဘူးဆိုတာတော့ မပြောချင်ပါဘူး။ ကိုယ်ပိုင်ဦးနှောက်နဲ့ ဆင်ချင်ဆုံးဖြတ်သွားရင် ဘာလဲဆိုတာ မြင်လာမှာပါ။ အဓိကကတော့ လောဘစိတ်ကိုထိန်းချုပ်နိုင်ဖို့တော့ လိုပါမယ်။ မဟုတ်ရင်တော့ သူတို့ပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ပြီး ချက်ချင်းချမ်းသာသွားသလို ခံစားလာရလိမ့်မယ်ဗျ။ ဒီလိုနဲ့ပဲ မေ့ပျောက်သွားတာပဲ။
ဒီနေ့မှာတော့ DVB မှာသီတင်းတစ်ပုဒ်ကိုဖတ်လိုက်ရပါတယ်။ စင်ကာပူအခြေစိုက် Bel Air ဆိုတဲ့ Company နာမည်ကိုသုံးပြီး မြန်မာနိုင်ငံသား ၅၀၀ လောက်အလိမ်ခံလိုက်ရတယ်တဲ့။ မြန်မာငွေသိန်းထောင်ပေါင်းများစွာ လိမ်ခံလိုက်ရတယ်။ လိမ်သွားတဲ့လူတွေကလည်း စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလို့ဆိုပါတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတဲ့အချက်တွေအရ Network Marketing အကြောင်းဟောပြောပွဲတစ်ခုလုပ်ပြီး ပိုက်ဆံထည့်ဝင်ခိုင်းတာဖြစ်ပါတယ်။ အမှန်တကယ် လိမ်သွားခြင်းဟုတ်မဟုတ်ကိုတော့ ကျွန်တော်ဘယ်လိုမှ မပြောတတ်ပါ။ သတင်းတွင်ပါသည့် အကြောင်းများကို ပြန်တင်ပြထားခြင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို သိချင်ရင်တော့ ဟောဒီမှာ သွားကြည့်နိုင်ပါတယ်။ အောက်ကပုံလေးကိုလည်း ကြည့်ကြည့်ပါဦးလား။
Technorati:myanmar, news
Friday, April 27, 2007
မပွင့်လန်းနိုင်တဲ့ ပန်းချီကား
၁။
စာရွက်တွေထဲမှာပဲ အလှပြနေရုံနဲ့တော့
ဒီလောကကြီးက ထိန်ညီးမသွားနိုင်ပါဘူး။
တတိယကမ္ဘာကလူသားတွေ
ငါတို့လည်းလူတွေပဲဆိုတာ ပြောပေးကြပါ။
အက်ကြောင်းတွေပေါ်က
ခန့်ခန့်ငြားငြား တာဝါကြီးတွေလဲ
ဘယ်အချိန် ပြတိုက်ထဲရောက်မလဲစောင့်နေကြတယ်။
ဘယ်မျိုးဆက်
ဘယ်ရာစု
ဘယ်ဘ၀တွေထိ
ဖရောင်းတိုင်တွေကို အသက်သွင်းနေကြရဦးမှာလဲ။
၂။
အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့
ရီရမှာလားငိုရမှာလား။
၂၁ရာစုဆိုတာကို
မေ့ချင်ယောင်ဆောင်နေကြတော့ခက်တယ်။
အိတ်ပေါက်နဲ့ ဖားကောက်နေကြရတဲ့ဘ၀တွေ
ထမင်းကိုအရည်ညှစ်သောက်နေရတဲ့ဘ၀တွေ
နေညိုချိန် အစာတောင်းနေတဲ့ ပါးစပ်တွေအတွက်
ဘယ်လိုအားအင်နဲ့
ပြက္ခဒိန်တွေကိုဖြဲစုတ်နိုင်ဦးမှာလဲ။
၃။
အမှိုက်ပုံကြား ကြီးပြင်းလာတဲ့ဘ၀တွေက
ကကြီးခကွေးဆိုတာ ဂျိုနဲ့လားလို့
မေးလာကြရင် ဘယ်လိုဖြေကြမလဲ။
ကျောက်တံကိုင်ရမယ့် လက်ကလေးတွေ
ပလတ်စတစ်အိတ်ကောက်နေကြတယ်။
စာအုပ်ကိုင်ရမယ့် လက်ကလေးတွေ
လက်ဖက်ရည်ခွက် သယ်နေကြတယ်။
ဘယ်မျိုးဆက်အထိ
နာရီလက်တံတွေပေါ်မှာ
သူတို့ဘ၀တွေ တိုက်စားခံနေကြရဦးမှာလဲ။
၎။
ဒီလိုနေ့ ဒီလိုည
ဒီလိုမလှပတဲ့ ရှုခင်းတွေနဲ့
အနာဂတ်ဆိုတာ အိပ်မက်ထဲမှာတောင်
မလှပနိုင်ကြတော့ဘူးလေ။ ။
Technorati:poem
Thursday, April 26, 2007
ဘောလုံးပွဲ
၂၄ ရက်နေ့ညက ကန်သွားတဲ့ မန်ယူနဲ့ အေစီမီလန်တို့ရဲ့ပွဲကို မကြည့်လိုက်ရဘူး။ အရမ်းကိုကြည့်ချင်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကို ငဲ့ညှာပြီး ဆေးတွေသောက်ကာ စောစောအိပ်ရာဝင်လိုက်ရပါတယ်။ လူကနေမကောင်းတော့ အားသိပ်မရှိချင်ဘူး။ ကန်မယ့်အချိန်က ည ၂နာရီခွဲလောက်။ နောက်နေ့မနက်မှာ ပရောဂျက်ဆိုတာကြီးကို ဆွေးနွေးစရာရှိတယ်။ အိပ်ရေးပျက်ခံလိုက်ရင် ဆရာဝန်သွားပြရလိမ့်မယ်။ ပိုက်ဆံထွက်မယ်။ နည်းနည်းမဟုတ်ဘူး။ ထိုသို့ ထိုသို့သော အကြောင်းများကြောင့် အကျွန်ုပ်အလွန်တရာ ကြည့်ချင်ပေမယ့် မကြည့်လိုက်ရပါဘူး။ နောက်နေ့မှ သူများတွေပြောပြလို့ သိရပါတယ်။ စိတ်ဖြေတဲ့အနေနဲ့ youtube ကနေပဲ Hightlights လေးတွေကြည့်ရမှာပေါ့လေ။ ၂၅ရက်နေ့က ရှာတာ မတွေ့ဘူး။ ဒီနေ့မှထပ်ရှာလို့ တွေ့သွားတယ်။ မိုက်တယ်ဗျာ။ မကြည့်လိုက်ရတာ ခုမှကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ နောက်ပွဲတော့ ရအောင်ကိုကြည့်မယ်။
Technorati:soccer, manutd



