Sunday, June 24, 2007

မိုးတွေရွာရင်

မိုးတွေရွာရင်တဲ့။ အင်း… မိုးရွာရင် … တကယ်တမ်းတော့ မိုးရာသီဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ သုံးရာသီထဲမှာ ကျွန်တော်သဘောမကျဆုံးပဲ။ ဘာဖြစ်လို့လဲလို့မေးရင် ဘာဖြစ်လို့မှန်းကိုမသိတာ။ ဟ .. ဟ .. ရှင်းသွားရော။

ငယ်စဉ်ကလေးဘ၀တုန်းကတော့ မိုးတွေရွာရင် မိုးရေချိုးရလို့ ပျော်ခဲ့ဖူးပါတယ်။ မိုးရွာထဲမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရတာလဲ ခဏခဏပါပဲ။ နည်းနည်းအရွယ်ရောက်လာတော့ မိုးရွာရင် သိပ်မကြိုက်တော့ဘူး။ ဟုတ်တယ်လေ။ ကြီးကောင်ကြီးမားနဲ့ မိုးရေထွက်ချိုးလို့လဲမရ။ လမ်းပေါ်ထွက်ပြီး ဘောလုံးကန်မယ်ဆိုလဲ အမြင်မတော်ဘူးဖြစ်ပြန်ဆိုတော့။ မိုးရွာရင် ဘာမှကိုလုပ်လို့မရတာ။ အပြင်သွားချင်ရင်လဲ ထီးဘယ်လောက်ကောင်းကောင်း အနည်းဆုံး အောက်ခြေလောက်တော့ စိုရွှဲနေတာပဲ။ သွားရလာရတာ အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ရာသီပဲ။ လမ်းတွေကလဲ အင်မတန်ကောင်းရှာတယ်ဆိုတော့ မိုးရွာပြီးချိန်ဆိုရင် အိမ်ရှေ့လမ်းမှာ သိုင်းကွက်နင်းနေကြတဲ့လူတွေ အများကြီး။ တရုတ်သိုင်းကား ကြည့်နေရသလိုပဲ။

နောက်တစ်ခုက မိုးရွာရင် မီးကလဲ ပျက်တတ်သေးတယ်ဗျ။ ဆိုင်လားတော့ ကျွန်တော်လည်းမသိဘူး။ မိုးတော်တော်ကြီးကြီးရွာလိုက်ပြီဆိုရင် ကျွန်တော်တို့မြို့မှာ မီးပျက်တတ်တာ ထုံးစံပဲ။ ဒီထက်ကြီးကြီးရွာလိုက်ပြီဆိုရင်တော့ တစ်ပတ်လောက်မလာတော့ဘူး။ ဘာလို့လဲဆို ကေဘယ်တွေ ပြတ်လို့တဲ့။ တစ်ခါတစ်လေ တိုင်ကြီးလဲသွားလို့ ဆိုတာကလည်း ရှိတတ်သေးတယ်ဗျ။ ဘာနဲ့တိုင်ထောင်ထားလို့လဲတော့ မသိဘူး။ ထားပါတော့။ ခုလောက်ဆိုရင်တော့ အဲဒီလိုမဟုတ်လောက်တော့ပါဘူး။ ခေတ်မီဖွံ့ဖြိုး တိုးတက်နေပြီပဲလေ။ နော်။

မိုးရွာတာကို မကြိုက်ဖူးဗျ။ ကံတရားဆိုတာလဲ ခက်တာပဲ။ မိုးရွာခြင်းကို အလိုမရှိဆိုမှ မိုးအချိန်မရွေးရွာတတ်တဲ့ ဒေသကို ရောက်အောင်ပို့ပေးလိုက်တယ်ဗျာ။ ဒီမှာက ဆောင်းရာသီဆိုတာ မရှိဘူးဗျ။ ခရစ်စမတ်ညမှာလဲ ချွေးပြန်အောင်ပူတတ်တယ်။ မိုးရွာချင်ရင်လဲ ရွာတတ်တယ်။ ကျွန်တော်က အပြင်သွားရင် ဘယ်သောအခါမှ ထီးဆိုသောအရာကို မသယ်ပါ။ စိတ်ထဲမှာ ရှုပ်တယ်လို့ထင်နေတာကြောင့် မယူဘူး။ ဒီမှာက မိုးဆိုတာ ရွာချင်တဲ့အချိန် ရွာချပါတယ်။ ဆယ့်နှစ်ရာသီလုံး ရွာချင်တဲ့အချိန်မှာ ရွာတတ်တော့ ကျွန်တော်ကလည်း ထီးမယူတတ်တာနဲ့ ဟုတ်နေတာပဲ။

ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ကိုယ့်ကောင်မလေးကို မိုးရွာထဲမှာ သွားပြီးကြွေကြတာတွေ ခဏခဏတော့ ကြည့်ဖူးတာပဲ။ အပြင်မှာ အဲဒီလိုလုပ်ဖူးလားဆိုရင်တော့ … ဖြေနိုင်ပါဘူးဗျာ။ ဘာလို့သိချင်ရမှာလဲ။ သိချင်ရင် အဲဒီကောင်မလေးကို သွားမေးကြည့်လေ။ .. အော်… ဟုတ်ပါဘူး.. မှားလို့။

မှတ်ချက်။ ။ ဒီပို့စ်ကို ကိုဖိုးချမ်း ရဲ့ Tag မှုနဲ့ရေးသားခြင်းဖြစ်ပါသည်။

Read More...

Friday, March 23, 2007

ဘာလုပ်ပေးရဦးမှာလဲ


အလုပ်မှာ ခိုင်းထားတာလေးတွေ ကုန်ပြီဆိုတော့ အေးဆေးနားရပြီလို့ စိတ်ကူးထားတယ်။ ကျွန်တော့် Supervisor ကသူ့မှာ ခိုင်းစရာသိပ်မရှိတော့ဘူး။ လုပ်နေတဲ့ ပရောဂျက်က ပြီးတော့မယ်လေ။ ကျွန်တော်ကလည်း နောက် ၃ ပတ်နေရင် Attachment ပြီးပြီဆိုတော့ အားလုံး အေးဆေးပေါ့။ မဟုတ်သေးဘူးဗျ။

နောက်ထပ် လုပ်စရာတွေ ပေါ်လာတယ်ဗျာ။ တကယ်တမ်းဆိုရင် ကျွန်တော်လုပ်စရာမလိုတဲ့ ဟာတွေပါ။ Supervisor ခိုင်းတဲ့အလုပ်ပဲ ကျွန်တော်ကလုပ်ရမှာ။ တခြားဘာမှ လုပ်စရာမလိုဘူးဗျ။ ခုတော့တခြားလူတွေခိုင်းတဲ့အလုပ်တွေ လုပ်ပေးနေရတယ်။ တတ်နိုင်ဘူးလေ။ သူတို့ Exhibition တစ်ခုနောက်တစ်ပတ်ထဲမှာ လုပ်မယ်ဆိုပဲ။ အဲဒီမှာပြဖို့ Flash နဲ့ animation လေးတစ်ခုလုပ်ပေး ဆိုလို့ တောင်လုပ်မြောက်လုပ်နဲ့ တတ်သလောက်ကလေး ကလိနေတယ်။ နောက်တစ်ပတ် တင်္နလာနေ့ ပြီးမလားတဲ့။ ကြိုးစားပြီးလုပ်ပေးမယ်လို့တော့ ပြောပေးလိုက်ပါတယ်။ ဘယ်လိုပြီးနိုင်မလဲ။ စနေ၊ တနင်္ဂနွေပါ လုပ်ပေးရင်တော့ ပြီးပါတယ်။ ဘာလို့ လုပ်ပေးရမှာလဲ။ ဒီရက်ပဲ နားရတာကို။ လုပ်နိုင်ဘူး။ တနင်္လာနေ့မှ ဆက်လုပ်ပေးတော့မယ်။ ဒီကြားထဲ နောက်တစ်ယောက်ကလာသေးတယ်။ အရေးကြီးလို့ပါပဲတဲ့။ သူတို့ ကြော်ငြာစာရွက်ထုတ်ဖို့ graphic တစ်ချို့ကို ပြင်ပေးခိုင်းပြန်တယ်။ ခက်တော့ မခက်ဘူး။ ဟိုဟာဖြတ် ဒီဟာထည့် ဟိုရွေ့ ဒီပြောင်းလုပ်လိုက်ရင် ပြီးသွားရော။ သူကအနားကနေ ဟိုနားကဟာ ဒီနားရွေ့ပေး၊ ဟိုပုံကို ကြီးပေး၊ ဒီပုံကို သေးပေး ထိုင်လုပ်နေလို့ စိတ်လေတယ်။ အဲဒါနဲ့ လုပ်လက်စဟာတွေ မလုပ်နိုင်ဘူး။ သောကြာနေ့ဆို ၅ နာရီရုံးဆင်းရမှာ။ ဒီနေ့ ၆ နာရီလောက်ထိ နေလိုက်ရတယ်။ ကြုံတုန်းကြွားရဦးမယ်။ ကျွန်တော်က ခုဆို ရုံးခန်းထဲမှာ နေရတဲ့ အဆင့်မြင့် ပြာတာဖြစ်နေတယ်။ တစ်ရုံးလုံးကလူတွေ ၀ိုင်းခိုင်းချင်နေတာ။ မနည်း ရူးချင်ယောင်ဆောင်နေရတယ်။ သူတို့ဘာသူတို့ တစ်သက်လုံးလုပ်လာတဲ့ scan လုပ်တာကို ခိုင်းချင်သေးတယ်။ ကျွန်တော်က လုပ်တတ်ဘူးလို့ ရှင်းရှင်းပဲပြောတာပေါ့။ ကိုယ့်အလုပ်မဟုတ်ရင် မလုပ်နဲ့လို့ Supervisor ကပထမဆုံးနေ့မှာတင် သင်ပေးထားလို့ဗျ။ သူ့ရုံးကလူတွေအကြောင်း သူသိနေလို့ထင်တယ်။ ဟိုလူက ဟိုဟာလုပ်တတ်လားမေးလိုက်၊ ဒီလူကဒီဟာလုပ်တတ်လားမေးလိုက်နဲ့။ သူတို့ အတွက် ကျွန်တော်ကပြာတာ လာလုပ်ပေးနေတယ် ထင်နေကြလားမသိ။ ရပါတယ်လေ။ ၃ ပတ်ပဲလိုပါတော့တယ်။ မကြာမီ ဒီနေရာကို တာ့တာပြရတော့မည်ပဲလေ။


Technorati:,

Read More...

Myanmar Vs Singapore




ဒါကတော့ စင်ကာပူရဲ့ အလှဆုံး နေရာတွေထဲက တစ်ခုပါ။ ဒီမှာက သဘာဝအလှအပ ဘာမှကို မရှိပါဘူး။ ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ ကြည့်ကြည့် လူဖန်တီးထားတဲ့ အရာတွေပဲ ရှိပါတယ်။




ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဒါမျိုး တိုက်တွေပဲမြင်နေရပါလိမ့်မယ်။


ဒူးရင်းသီးလို့ မြန်မာတွေ ခေါ်ကြတဲ့ ထင်ရှားတဲ့ အဆာက်အဦးတစ်ခုပေါ့။ ဒါတွေကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ မြန်မာပြည်က သဘာဝရှုခင်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ အဆောက်အဦတွေကို ပြန်ပြီး ကြည့်ချင်နေမိတယ်။ ဒီကဟာတွေက မျက်စိထဲမှာ မြန်မာပြည်က ရှုခင်းတွေလောက် မလှဘူး။


မြန်မာပြည်မှာ ကျောင်းတက်နေတုန်းက သူငယ်ချင်းတွေနဲ့ ပုဂံကို သွားလည်တာသတိရတယ်။ အဲဒီမှာ မြင်ရတဲ့ ရှုခင်းတွေ၊ စေတီပုထိုးတွေဟာ အရမ်းကို လှပလွန်းတယ်။



ဒီလိုရှုခင်းမျိုး ဘယ်နေရာမှ ရှိနိုင်မှာ မဟုတ်ဘူး။ သိပ်သာယာလှပတဲ့ ဒေသကို ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်ထားတယ်လေ။



မိုးမျှော်တိုက်ကြီးတွေကို မြင်နေရမယ့်အစား ဒီလိုရှုမျှော်ခင်းတွေကို ခံစားချင်သေးတယ်။ သဘာဝဆိုတာ ဘယ်အရာမှ တုနှိုင်းလို့ မရပါဘူး။





နာမည်ကြီး SENTOSA ကမ်းခြေတဲ့။ ကမ်းခြေနဲ့ မတူပါဘူး။ လှိုင်းလဲမရှိ။ သဲသောင်ပြင်လေးက သေးသေးလေး။ ကျွန်တော်တို့ရဲ့ ငပလီတို့ ချောင်းသာတို့ ကိုနည်းနည်းမှ မမှီပါဘူးဗျာ။



ကမ်းခြေအကျယ်ကြီးမှာ ပင်လယ်ပြင်အကျယ်ကြီးကို ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မတူပါဘူး။ ဒီပုံက ငပလီကမ်းခြေက ပုံပေါ့။ ယှဉ်ကြည့်စရာမလိုအောင် ကွာခြားပါတယ်။ ပင်လယ်ပြင်မှာ နေ၀င်ချိန်ရဲ့ အလှကို ဟောဒီလိုလေး ခံစားကြည့်ချင်သေးတယ်။



တစ်ချိန်ချိန်မှာတော့ ဒီတိုက်တွေ၊ ကားတွေ၊ မိုးမျှော်အဆောက်အဦတွေ အစား ဒီလိုသဘာဝ ရှုခင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပြန်ကြည့်နိုင်အောင် ကြိုးစားဦးမယ်ဗျာ။

Technorati:,

Read More...

Sunday, March 18, 2007

အချိုးအကွေ့

၁။
သူ့မှာ အိတ်ကြီးနှစ်လုံးရှိတယ်။ အဲဒီအိတ်နှစ်လုံးကို သူကျောမှာထမ်းပြီးသွားနေရတယ်။ ပြက္ခဒိန်ထဲမှာ ရွက်ဟောင်းတွေ ကြွေကြွေသွားတိုင်း ပိုပြီးလေးလေးလာတာကို သူသိနေတယ်။ မြို့တစ်မြို့ကို ကျော်လာပြီးတိုင်း လူတွေက သူ့အိတ်ထဲကို ဘာမှန်းမသိတဲ့အရာတွေ ထည့်ထည့်ပေးတတ်တယ်။ သူဒီခရီးကို စထွက်လာစဉ်က သူ့အိတ်တွေထဲမှာ မရှိခြင်းတစ်ခုပဲ ရှိတယ်။ ခုတော့ သူ့အိတ်ထဲမှာ မရှိခြင်းကလွဲရင် အရာအားလုံးရှိတယ်။ အိပ်မက်တွေရှိတယ်။ ပန်းတိုင်တွေရှိတယ်။ သော့ခတ်ထားတဲ့ ဘ၀တစ်ချို့ရှိတယ်။ စတေးထားတဲ့ ဘ၀တစ်ချို့ရှိတယ်။ နာရီလက်တံတွေနဲ့အတူ သူခရီးသွားနေတယ်။ ရက်စွဲတစ်ခုကို စားသုံးလိုက်တိုင်းမှာ တစ်ချို့ကို သူသော့ခတ်ထားခဲ့တယ်။ တစ်ချို့ကို သူစတေးသွားခဲ့တယ်။ အိပ်မက်တွေက ပိုပိုလေးလာတယ်။ ပန်းတိုင်တွေက ပိုပိုမြင့်လာတယ်။


၂။
သူ့အိတ်ထဲက အရာတွေက သူ့အတွက် အသုံးဝင်တယ်။ တစ်ခါတစ်ရံ အိပ်မက်တစ်ချို့ကိုထုတ်ပြီး သူ့ကိုယ်သူ အားဖြည့်တယ်။ တစ်ခါတစ်ရံ လမ်းပျောက်နေရင် ပန်းတိုင်တစ်ချို့ကိုထုတ်ကြည့်ပြီး ခရီးဆက်တယ်။ တစ်ချို့တွေရဲ့ အထင်သေးတဲ့ အကြည့်တွေကို သူစတေးခဲ့တဲ့အရာတွေထုတ်ပြပြီး ချေမှုန်းနိုင်တယ်။ နာရီလက်တံတွေနဲ့အတူ သူခရီးဆက်နေတယ်။ ပြက္ခဒိန်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တိုင်းမှာ အိတ်နှစ်လုံးကလည်း တစ်ဖြေးဖြေး လေးလံလာတယ်။

၃။
သူ့ခရီးလမ်း တစ်နေရာအရောက်မှာ မမျှော်လင့်တာတစ်ခု ကြုံတွေ့လိုက်ရတယ်။ သူ့အိတ်နှစ်လုံးထဲက တစ်လုံးကိုပဲသယ်ခွင့်ရှိတော့မယ်တဲ့။ သူဘယ်လို ဆုံးဖြတ်မလဲ။ နှစ်ခုလုံးက သူ့အတွက် အရေးကြီးနေတယ်။ အိတ်တစ်လုံးထဲမှာ အိပ်မက်တွေ ပန်းတိုင်တွေ ထည့်ထားတယ်။ ဒီအိတ်ကိုထားခဲ့ရင် သူလိုရာခရီးကို စမ်းတ၀ါးဝါးနဲ့ ဆက်သွားရမယ်။ နောက်အိတ်တစ်လုံးထဲမှာက သူသော့ခတ်ထားတဲ့ သူ့ဘ၀တစ်ချို့ပါတယ်။ စတေးထားတဲ့ သူ့ဘ၀တစ်ချို့ပါတယ်။ ဒါတွေကို ထားခဲ့ရင် အထင်သေးမှုတွေကို သူတော်လှန်နိုင်စွမ်းမရှိ။ လူတွေကြားထဲမှာ လူရာဝင်နိုင်ဖို့ မလွယ်။

၎။
နောက်ဆုံး သူတစ်ခုကို ရွေးချယ်ခဲ့တယ်။ သူသွားလိုရာခရီးအတွက် အရေးပါဆုံးအိတ်တစ်လုံးနဲ့ သူခရီးဆက်သွားတယ်။



Technorati:

Read More...

Wednesday, March 14, 2007

လူတွေ....လူတွေ....

“ကျွန်တော်နဲ့ခဏလိုက်ခဲ့ပါလား။”
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကခေါ်တာပါ။ သူငယ်ချင်းဆိုပေမယ့် သူကနည်းနည်းငယ်တော့ ကျွန်တော်ကို အစ်ကိုလို့ပဲခေါ်တယ်။
“ဘယ်သွားမှာလဲ”
“ဆူးလေဘုရားကိုသွားမလို့ အစ်ကိုရ”
ကျွန်တော်စိတ်တော့သိပ်မပါပါ။ ဒါပေမယ့် တစ်ခြားဘာမှလည်းလုပ်စရာမရှိဘူး။ နောက်ပြီး ဆူးလေဘုရားပေါ်ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးဘူးလေ။ ကျွန်တော့်လိုပဲ လူတော်တော်များများလည်း ရောက်ဖူးကြမယ်မထင်ဘူး။ မြို့ထဲမှာရှိပြီး တစ်ခေါက်မှမရောက်ဖူးသေးတော့ ဘုရားလည်းဖူးရတာပေါ့ဆိုပြီး လိုက်သွားလိုက်ပါတယ်။
ဟိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် ဘုရားပေါ်တက်ပြီး ဘုရားရှိခိုးကြတယ်။ လူတွေတော့နည်းနည်းစည်ပါတယ်။ ဘုရားရှိခိုးပြီးပြန်ဆင်းလာတော့ သူကပြောတယ်။
“ခဏလေး။ ကျွန်တော်စာကလေးလွှတ်လိုက်ဦးမယ်။”
ပြောပြောဆိုဆိုနဲ့ စာကလေးရောင်းတဲ့လူဆီကိုသွားဝယ်နေတယ်။ ဘယ်နှစ်ကောင်ကို ဘယ်လောက်ဖိုးနဲ့ဝယ်လိုက်လဲတော့ ကျွန်တော်လည်းမသိဘူး။ ဟိုလူကြီးက လှောင်ချိုင့်ထဲထည့်ထားတဲ့ စာကလေးတွေကိုထုတ်ပေးပြီး ကျွန်တော့်သူငယ်ချင်းက လွှတ်ပေးလိုက်တယ်။

စာကလေးဆိုတာ အစတည်းကသဘာဝအတိုင်း လွတ်လပ်စွာသွားလာနေတဲ့ သတ္တ၀ါလေးတွေပါ။ အဲဒါကို လူတွေကဖမ်းပြီး လှောင်ချိုင့်ထဲမှာထည့်ထားတယ်။ လူတွေကပဲ ပိုက်ဆံတွေပေးပြီး ပြန်လွှတ်ပေးတယ်။ လွတ်သွားတဲ့အကောင်တွေကို လူတွေကပဲ ထပ်ဖမ်းကြဦးမှာပဲ။ ပြီးရင်လူတွေကပဲ ပြန်လွှတ်ပေးကြဦးမယ်။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိဘူး။ ကျွန်တော်ကမေးလိုက်တယ်။
“ဘာလို့စာကလေးတွေပိုက်ဆံပေးပြီးလွှတ်တာလဲ”
“သူတို့ကို လွတ်လပ်သွားအောင် လွှတ်ပေးလိုက်တာလေ”
“အစတည်းက သူ့ဘာသူလွတ်လွတ်လပ်လပ်ပျံနေတဲ့ဟာကို”
“ခုလှောင်ချိုင့်ထဲမှာလေဗျာ။ လွတ်အောင်လွှတ်ပေးရင် ကုသိုလ်ရတာပေါ့။”
“မင်းတို့လို ပိုက်ဆံပေးပြီးလွှတ်ပေးမယ့်သူတွေမရှိရင် အဲဒီစာကလေးတွေလည်း ဒီလှောင်ချိုင့်ထဲလာပြီး ဒုက္ခခံနေရမှာမဟုတ်ပါဘူးကွာ။”
သူ့ထံမှ စကားထွက်မလာပါ။ တစ်ခုခုကို စဉ်းစားသွားပုံရပါတယ်။ ဟုတ်ပါတယ်။ စာကလေးကတော့ သူ့ဘာသူ အဲဒီလှောင်ချိုင့်ထဲလာထိုင်နေမှာမဟုတ်ဘူးလေ။ လူတွေကလိုက်ဖမ်းလို့သာ သူတို့ဒီထဲရောက်နေတာပေါ့။ တကယ်လို့ အဲဒီလို ပိုက်ဆံတွေပေးပြီး လာဝယ်မယ့်သူတွေမရှိရင် အဲဒီလူတွေလည်း အပင်ပန်းခံပြီး စာကလေးတွေကို လိုက်ဖမ်းမနေပါဘူး။ ၀ယ်သူရှိလို့ သူတို့လည်းဖမ်းပြီးရောင်းစားနေတာပေါ့။ တစ်ခါတစ်လေတော့လည်း လူတွေဟာ ဘာမှန်းကိုမသိပါဘူး။


Technorati:

Read More...

Sunday, March 04, 2007

ရှာပုံတော်မင်းသားကြီး

အရင်တုန်းကတော့ သူများတွေအလုပ်တွေလုပ်ပြီးပိုက်ဆံတွေရနေတာကိုကြည့်ပြီး ကိုယ်လည်းအဲဒီလိုပိုက်ဆံရှာချင်နေမိတယ်။ အလုပ်ဆိုတာ ဘာလဲသေချာမသိသေးဘူးလေ။ အချိန်ပြည့်ကျောင်းတက်တယ်။ အလုပ်လုပ်တယ်ဆိုရုံလေး အချိန်ပိုင်းအလုပ်ဝင်လုပ်တယ်။ ပိုက်ဆံလေးနည်းနည်းရတယ်။ မဆိုးဘူးပေါ့။ အချိန်ပြည့်သာလုပ်ရရင် ပိုရမယ်လို့လည်း တစ်ခါတစ်ခါတွေးမိတယ်။ ခုမှတစ်နေ့ကို ၈ နာရီမိုးလင်းကနေမိုးချုပ် .. အဲ... မိုးတော့မချုပ်ပါဘူး။ အဲဒီလိုနေ့တိုင်း တစ်ပတ်ကို ၅ရက်ရုံးတက်နေရတာစိတ်ထဲမှာကျဉ်းကြပ်နေသလိုပဲ။ ဒါတောင်ကျွန်တော်က Attachment အနေနဲ့လုပ်နေရတာလေ။ တကယ့်အလုပ်ဟုတ်သေးဘူး။ လုပ်စရာအလုပ်မရှိတာလည်းတစ်ကြောင်းပေါ့။ ဘာမှလုပ်စရာမရှိတော့ တစ်နေ့တာအချိန်တွေကို ကွန်ပျူတာတစ်လုံးရှေ့မှာထိုင်ပြီး ဖြတ်သန်းနေရတာ တော်တော်ကြာတယ်ထင်ရတယ်။ လုပ်စရာမယ်မယ်ရရမရှိပေမယ့် အချိန်မှန်တော့ သွားနေရတယ်။ ကျွန်တော်ဘာလုပ်နေရလည်းဆိုရင်တော့ တာဝန်တစ်ခုတော့ ပေးထားတယ်ဗျ။ ကျွန်တော့်ကို ရှာပုံတော်မင်းသားကြီးလုပ်ခိုင်းထားတယ်။ ဒီလိုပါ။ သူတို့ ၀က်ဘ်ဆိုဒ်မှာ Web Portal တစ်ခုမကြာခင်တင်လိမ့်မယ်။ အဲဒီဟာကိုအားလုံးရေးပြီးသွားပြီ။ (ကျွန်တော်ရေးတာမဟုတ်ပါ။) သူတို့ရေးပြီးလို့ တရားဝင်ဆိုဒ်ပေါ်မတင်ခင်မှာ test လုပ်ရပါတယ်။ UAT (User Accaptance Testing) လို့ခေါ်ပါတယ်။ ကျွန်တော်ပို့စ်တစ်ခုမှာ UAT အကြောင်းရှင်းထားပါတယ်။ အဲဒါကျွန်တော့်ကို test လုပ်ခိုင်းထားပါတယ်။ တနေကုန်ထိုင်ပြီး တက်စ်လုပ်နေရမယ်ဆို တော်တော်ကိုပြင်းစရာကောင်းပါတယ်။ ဘယ် function တွေမှားနေတယ်၊ ဘယ်ဟာတွေလိုနေတယ်ဆိုတာကို ပြန်ပြောရပါတယ်။ ခုထိတော့ ကျွန်တော်တစ်ပတ်လုံးရှာထားတာ တစ်ခုကြီးများတောင်တွေ့တယ်ဗျ။ ကျွန်တော်ပဲ ရှာမရတာလား၊ ရေးတဲ့လူတွေပဲ တော်နေလို့ Error တွေမများတာလားတော့မသိဘူးလေ။ မနက်ဖြန်ဆိုရင် တင်္နလာနေ့။ ကျွန်တော့်ရဲ့ ရှာပုံတော်မင်းသားကြီးဇာတ်လမ်းကို ပြန်ကရတော့မယ်။ ကံကောင်းထောက်မလို့ မြန်မြန်ဆိုဒ်ပေါ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတော့မှာပဲ။

Read More...

စကားနှစ်မျိုး

လူတွေပြောနေတဲ့ စကားတွေကို အခြေခံအားဖြင့်နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ Reactive Laguage လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀အတွက် အကောင်းအဆိုးဖန်တီးနိုင်မယ့်အရာတွေကို ကိုယ်တိုင်မထိန်းချုပ်နိုင်ပဲ တခြားသူတွေလက်ထဲ ဒါမှမဟုတ် ဘာမှန်းမသိတဲ့လောကကြီးဆိုသူရဲ့လက်ထဲကို ထည့်ပေးထားတဲ့လူမျိုးတွေက ဒီ Reactive Language တွေကိုသုံးလေ့ရှိပါတယ်။ ဥပမာ - “လောကကြီးကမတရားဘူး” ဆိုတာမျိုးတွေပေါ့။ ကိုယ့်အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေအားလုံးဟာ ကိုယ့်ကြောင့်မဟုတ်ဘူး။ လောကကြီးကြောင့်ဖြစ်တာဆိုတဲ့သဘောပေါ့။ Remote Control ကို ကိုယ်တိုင်မကိုင်ထားပဲတခြားလူကိုပေးထားပြီးတော့မှ ဒီအစီအစဉ်ကိုမကြည့်လိုက်ရတာ သူ့ကြောင့်ဆိုရင်တော့ ဘယ်သူ့အပြစ်လဲလို့ မေးစရာမလိုပါဘူး။ အဲဒီလူမျိုးတွေဟာ
- ၀မ်းနည်းလွယ်၊ စိတ်ဆိုးလွယ်တယ်။
- သူများကိုအပြစ်တင်တယ်။
- တစ်ချိန်မှာနောင်တရမယ့်စကားတွေကို စိတ်လွတ်ကိုယ်လွတ်ပြောလေ့ရှိတယ်။
- ဆင်ခြေတွေပေးတတ်တယ်။
- ညည်းညူတတ်တယ်။
- အခွင့်အလမ်းဆိုတာကို ထိုင်စောင့်နေတတ်တယ်။
- မပြောင်းလို့မဖြစ်တော့တဲ့အချိန်မှ ပြောင်းလဲဖို့စဉ်းစားတယ်။

နောက်တစ်မျိုးကတော့ Proactive Language လို့ခေါ်ပါတယ်။ ကိုယ့်ဘ၀ကိုကိုယ့်စိတ်ကြိုက်ဖန်တီးမယ်ဆိုတဲ့လူမျိုးတွေ သုံးလေ့ရှိတဲ့စကားပါ။ Reactive Language ပြောသူတွေနဲ့ ဆန့်ကျင်ဖက်ပေါ့။ Reactive Language ပြောသူတွေက “စမ်းကြည့်ဦမယ်” လို့ ပြောနေချိန်မှာ Proactive Language သမားတွေက “လုပ်မယ်” လို့ဆုံးဖြတ်ပြီးနေပြီ။ Proactive Language ပြောလေ့ရှိတဲ့လူတွေဟာ
- တော်ရုံနဲ့ စိတ်မဆိုးဘူး။ ၀မ်းမနည်းဘူး။
- ကိုယ်ရွေးချယ်တာကို ကိုယ်တာဝန်ယူတယ်။
- မလုပ်ခင်စဉ်းစားတယ်။ ဖြစ်ပြီးမှ ပြသနာမရှာတတ်ဘူး။
- ဖြစ်အောင်လုပ်ဖို့ကို နည်းလမ်းတွေရှာတတ်တယ်။
- အခွင့်အလမ်းရဖို့ကို ဖန်တီးယူတယ်။ ထိုင်စောင့်မနေဘူး။
- ပြောင်းလဲသင့်တယ်ထင်ရင်ပြောင်းတယ်။ အစွဲအလမ်းကင်းတယ်။

ဒီဟာလေးကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပေါ့။ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ။ ကိုယ့်စကားတွေ၊ ကိုယ့်အကျင့်တွေကို ပြန်စမ်းစစ်ပြီးတော့ Proactive Language လား Reactive Language ပြောလေ့ရှိလားဆိုတာ မေးကြည့်ပေါ့။ ဒါပေမယ့် ခက်တော့ခက်ပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ အများအားဖြင့် အဲဒီနှစ်ခုလုံး ရောထွေးနေတတ်လို့ပါပဲ။ အဲဒီတော့ မကောင်းတဲ့ဟာတွေကိုဖယ်ပြီး ကောင်းတာတွေကို ပွားများကြပါစို့။

မှတ်ချက်။ ။ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ဆိုတဲ့ဘာသာပြန်စာအုပ်မှ မှီငြိမ်းပါတယ်။

Read More...

Wednesday, February 28, 2007

ငယ်ရာကကြီးအောင်လုပ်ပါ

ငယ်ရွယ၊် လွတ်လပ်
အကန့်သတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
ကမ္ဘာကြီးကို ပြောင်းပစ်မယ်။

အသက်လေးရလာ
ပညာဆိုတာနည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှ
ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ။

အိပ်မက်ကိုဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ။

ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယားသမီးသားအတွက်
ပေးဆပ်ဖို့ကြိုစားဆဲ
သူတို့လည်းသူတို့ဘာသာ
မိသားစုဟာ ဒီအတိုင်းပါပဲ။

သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)
ငါဟာငါပဲ၊ ဘာမှမပြောင်းလဲ။

စာအုပ်တစ်အုပ်ထဲမှာဖတ်လိုက်ရတဲ့ ဘာသာပြန်ကဗျာလေးတစ်ပုဒ်ပါ။ ရေးသူနာမည်အတိအကျမပါပါဘူး။ အင်္ဂလိပ်ဘုန်းတော်ကြီးတစ်ပါးရေးခဲ့တယ်လို့ပဲ ပါပါတယ်။ လူတစ်ယောက် နောက်ဆုံးအချိန်ကိုရောက်မှ ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်တဲ့အမြင်ကို ရေးထားတာလို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တုန်းက အိပ်မက်တွေ၊ စိတ်ကူးတွေအများကြီးရှိခဲ့ကြမှာပါ။ အဲဒီအထဲက ဒီအချိန်မှာ ဘယ်နှစ်ခုများ တကယ်ဖြစ်လာခဲ့လဲဆိုတာတော့ ပြောဖို့ခက်ပါတယ်။ တစ်ချို့ဖြစ်လာတာရှိသလို မဖြစ်ခဲ့တဲ့အရာတွေလည်း အများကြီးပါ။ ငယ်ငယ်တုန်းက အိပ်မက်တွေဟာ သိပ်ကြီးကျယ်ခဲ့ကြမှာပါ။ ကြီးလာလေ အိပ်မက်တွေဟာ သေးသွားလေပါပဲ။ လူတွေအများစုဟာ အိပ်မက်တွေကို ပြောင်းပြန်မက်နေကြပါတယ်။ ငယ်ရာကကြီးသွားရမယ့်အစား ကြီးရာကငယ်လာကြတာများပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် အခြေခံကစမှ အောင်မြင်မှာပါ။ ရည်မှန်းချက်အကြီးကြီးတွေရှိရင် အောက်ခြေအသေးလေးတွေကစမှရမှာပါ။ ပထမဆုံးက ကိုယ့်ပန်းတိုင်ကို ကိုယ်သိဖို့လိုပါတယ်။ ကျွန်တော်တို့လူငယ်အများစုဟာ ပန်းတိုင်အတိအကျ သိပ်မရှိတတ်ကြပါဘူး။ ပေါ်ပြူလာဖြစ်ရာ လူအများလုပ်နေတာတွေနောက်ကိုပဲ လိုက်တတ်ကြပါတယ်။ ကျွန်တော်လည်း ခုချိန်ထိ ကိုယ့်ပန်းတိုင်ကိုကိုယ် ရေးရေးလေးပဲ ပုံဖော်နိုင်သေးပါတယ်။

Read More...

Monday, February 26, 2007

မွေးရပ်ကိုစွန့်ခဲ့ရသူများ

တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဦးနှောက်ယိုစီးမှုအများဆုံးနိုင်ငံတစ်ခုအဖြစ်ဘေဂျင်းမှာရှိတဲ့ the Academy of Social Sciences ကသူ့ရဲ့ Report မှာဖော်ပြထားပါတယ်။ ၁၉၈၀ ခုနှစ်ကစပြီးယနေ့ထိ နိုင်ငံရပ်ခြားမှာ ပညာသွားသင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့နိုင်ငံကို ပြန်မလာဖို့ဆုံးဖြတ်ထားကြတယ်လို့ဆိုပါတယ်။ အဲဒီအကြောင်းကို နိုင်ငံရပ်ခြားမှာရောက်နေတဲ့ တရုတ်လူမျိုးတစ်ချို့နဲ့ ဘီဘီစီက မေးမြန်းခဲ့ပါတယ်။ သူတို့ဘာကြောင့်အဲဒီလိုဖြစ်ရတာလဲဆိုတဲ့ အဓိကအချက်တွေကတော့ လူနေမှုဘ၀အဆင့်အတန်း၊ လွတ်လပ်စွာနေထိုင်နိုင်မှု၊ စီးပွားရေးအခြေအနေ၊ အနာဂတ်အတွက်အာမခံချက်ပေးနိုင်မှု၊ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်ကြပါတယ်။ ပရော်ဖက်ဆာတစ်ယောက်ရဲ့ဝင်ငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၅၀ လောက်နဲ့ညီမျှတဲ့ ယွမ် ၂၀၀၀ လောက်ပဲရကြတဲ့နေရာကို ဘယ်သူပြန်နိုင်မှာလဲ။ ဒါပေမယ့် သူတို့တတ်နိုင်သလောက် ပြန်ကူညီကြဖို့ကြိုးစားခဲ့ကြတဲ့သူတွေရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေခဲ့ကြဘူး။ သူတို့နိုင်ငံမှာ ချမ်းသာသူနဲ့ဆင်းရဲသူကြားကွာဟချက်တွေကလည်း ကြီးမားတယ်။ ခုချိန်ထိ အင်တာနက်ကို ကန့်သတ်ချက်များစွာနဲ့ အသုံးပြုနေရဆဲဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ အိမ်ကို ပြန်ချင်စိတ်ရှိပါလျှက် မပြန်နိုင်ကြပါဘူး။ အသေးစိတ်ကိုတော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။

ဒီနေရာမှာကျွန်တော်ပြောချင်တာတွေရှိလာပါတယ်။ ကျွန်တော်တို့လို အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားမှာရောက်နေကြတဲ့သူတွေကို တစ်ချို့တွေက အမြင်နည်းနည်းလွဲချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံကိုစွန့်ခွာပြီးတော့ သူများနိုင်ငံတွေမှာ စာတွေသင်ကြ၊ အလုပ်တွေလုပ်နေကြလို့ပါ။ ကိုယ့်တက်လမ်းကို ရှာကြတာ လူတိုင်းလူတိုင်းရဲ့ သဘာဝပါ။ တစ်ကယ်လို့သာ ကျွန်တော်တို့ ဒီနေရာတွေကိုလာစရာမလိုလောက်အောင် ပြည့်စုံနေကြမယ်ဆိုရင် ဘယ်သူကများ အပင်ပန်းဆင်းရဲခံပြီးတော့ လူမျိုးခြားကို ဆရာခေါ်ချင်ကြမှာတဲ့လဲ။ နိုင်ငံရပ်ခြားမှာရောက်နေသူတွေကို မေးကြည့်ပါ။ တကယ်လို့သာ ခင်ဗျားတို့အဲဒီနိုင်ငံရပ်ခြားမှာ နေရသလိုနေနိုင်မယ်ဆိုရင် ပြန်လာကြမှာလားလို့။ ငြင်းမယ့်လူရှိမယ်မထင်ပါဘူး။ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားမဆို ကိုယ့်မွေးရပ်မြေကို ခင်တွယ်ကြတာချည်းပါပဲ။ အမြဲတမ်းမနေနိုင်တောင်မှ ခဏခဏတော့ပြန်လာချင်ကြပါတယ်။ အဲဒီတရုတ်လူမျိုးတွေဟာ ကျွန်တော်တို့နဲ့ သိပ်မထူးပါဘူး။ အဲဒီသတင်းလေးကို ဖတ်မိမယ်ဆိုရင် မွေးရပ်မြေနဲ့ဝေးနေကြသူတွေရဲ့ဘ၀တွေကို စာနာနိုင်လောက်ပါရဲ့ဗျာ။

Read More...