Thursday, November 30, 2006

အကျင့်နဲ့စရိုက်

လူတော်တော်များများက ပြောလေ့ရှိပါတယ်။ ဒါက ငါ့အကျင့်ဖြစ်နေပြီ။ အဲဒါက ငါ့စရိုက်ပဲ။ ပြင်လို့ဘယ်ရမလဲ။ အဲဒီလိုပြောကြတာ အများကြီးပါ။ ကျွန်တော်အပါအ၀င်ပေါ့။ အဲဒီအကျင့်တွေ စရိုက်တွေက ဘယ်ကရလာတာလဲ။ ဘယ်သူမှလာပေးမထားပါဘူး။ ကိုယ့်ကိုယ်ကို အဲဒီလိုအကျင့်စရိုက်တွေရအောင်ပဲ မွေးမြူခဲ့ကြတာပါ။ အကျင့်ဆိုတာ စိတ်ကမသိလိုက်ပဲ ထပ်တလဲလဲလုပ်နေမိတာမျိုးတွေပါ။ အကျင့်ပါသွားရာကနေနောက်ဆုံးစရိုက်ဖြစ်လာပါတယ်။ အဲဒါကို အင်္ဂလိပ်ကဗျာတစ်ပုဒ်မှာ ခုလိုတွေ့ရပါတယ်။

We first make
our habits,
Then our habits
make us.

ကဗျာလေးကတိုတိုလေးပါ။ စဉ်းစားကြည့်မယ်ဆိုရင်တော့ တော်တော်လေးနက်ပါတယ်။ လူတစ်ယောက်ရဲ့အကျင့်တစ်ခုဟာ ဘ၀မှာဘယ်လောက်အရေးပါလည်းဆိုတာကို နောက်ထပ်ကဗျာတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Sow a thought, and you reap an act;
Sow an act, and you reap a habit;
Sow a habit, and you reap a character;
Sow a character, and you reap a destiny.

ဘာမှမဟုတ်ပါဘူးလို့ ထင်ရတဲ့အကျင့်လေးတစ်ခုက ဘ၀တစ်ခုလုံးကို ပြောင်းလဲစေနိုင်ပါတယ်။

ကိုးကားချက်။ ။ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသားရွှေဥစာအုပ်မှ။

Read More...

Wednesday, November 29, 2006

ပြင်နေသည်

ကျွန်တော်ဒီဘလော့ကို ပြန်လည်ပြုပြင်နေပါတယ်။ အရောင်ကတော့ ထုံးစံအတိုင်း အနက်ရောင်ကိုပြန်သုံးထားပါတယ်။ လူကလည်း သိပ်တတ်တာမဟုတ်တော့ အချိန်အများကြီးပေးနေရတယ်။ တစ်နေ့ကို နည်းနည်းစီပဲ လျှောက်လုပ်ကြည့်နေတာ။ လုပ်ချင်တာကများပြီးတော့ လုပ်တတ်တာကနည်းနေလေတော့ ဒုက္ခတွေကရောက်လိုက်တာ။ တတ်နိုင်ဘူးလေ။ ဒီလိုပါပဲ။ ဘ၀ဆိုတာ။

Read More...

Saturday, November 25, 2006

လူနှင့်အကျင့်

လူတွေမှာအကျင့်အမျိုးမျိုးရှိပါတယ်။ အောင်မြင်သူတွေမှာ ရှိတဲ့အကျင့်နဲ့ ကျရှုံးသူတွေမှာရှိတဲ့အကျင့် မတူဘူးဆိုတာတော့ သိသာပါတယ်။ ကျရှုံးသူတွေမှာရှိတဲ့အကျင့်တွေကတော့

၁. တရားခံရှာ - တစ်ခုခုဖြစ်ပြီဆိုရင် ဘာမှမစဉ်းစားပဲ တရားခံတစ်ယောက်ကိုရှာလိုက်တဲ့အကျင့်။

၂. ခြေဦးတည့်ရာ - ရည်ရွယ်ချက်ပန်းတိုင်မရှိပဲ ဟိုလိုလို ဒီလိုလို လုပ်နေတတ်တဲ့အကျင့်။

၃. ကြုံသလိုကျပန်း - အရေးကြီးတဲ့ကိစ္စ အရေးမကြီးတဲ့ကိစ္စ ခွဲမထားပဲ စိတ်ထဲပေါ်တာလုပ်တဲ့အကျင့်။

၎. သူသေကိုယ်ရှင် - ဘယ်သူ့မှ လာအကျောမခံပဲ နိုင်ရင်နိုင် မနိုင်ရင်ခြေကန့်လန့်ထိုးလိုက်မယ် ဆိုတဲ့အကျင့်။

၅. မင်းမပြောနဲ့၊ ငါပြောမယ် - သူများစကားနားထောင်ရမှာထက် ကိုယ်ပြောချင်တာတွေကိုပဲ တရစပ်ပြောတဲ့အကျင့်။

၆. တစ်ကိုယ်တော်ရိန်းဂျား - ဘယ်သူနဲ့မှ ပူးပေါင်းဆောင်ရွက်မှုမရှိပဲ ကိုယ်ထင်ရာကိုယ်စိုင်းပြီး တစ်ကိုယ်တော်လုပ်တဲ့အကျင့်။

၇. ပုရောဟိတ်စတိုင် - ဘယ်သူ့စကား၊ ဘယ်သူ့အယူအဆမှလက်မခံ ကိုယ်သာလျှင်အမှန်ဆုံးဆိုတဲ့အကျင့်။

ဒီအချက်တွေထဲကတစ်ခု ဒါမှမဟုတ် အားလုံးရှိနေပြီဆိုရင်တော့ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လမ်းစပျောက်နေပါလိမ့်မယ်။ ဒါတွေကိုဘယ်လိုပြုပြင်ရမလဲဆိုရင်တော့

၁. တာဝန်ယူစိတ် - တစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ဘာမှားနေလဲဆိုတာစဉ်းစားရပါမယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူတတ်တဲ့အကျင့်။

၂. ပစ်ကွင်းကိုချိန် - ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်တာလဲ၊ ရည်မှန်းချက်ကဘာလဲ ဆိုတာကို ပိုင်းဖြတ်တတ်တဲ့အကျင့်။

၃. အရေးကြီးတာအရင်လုပ် - ကြုံသလိုကျပန်းမလုပ်ပဲ အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်တဲ့အကျင့်။

၎. သူမနာ ကိုယ်မနာဆက်ဆံရေး - ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပဲ နှစ်ဖက်အကျိုးရှိစေမယ့်ကြားအဖြေကို နှလုံးသွင်းတဲ့အကျင့်။

၅. နားလည်မှုရှိ - သူများပြောတာကိုလည်းနားထောင်၊ နားလည်အောင်ကြိုးစားပြီး ကိုယ့်ကိုလည်း သူများနားလည်အောင်ကြိုးစားတဲ့အကျင့်။

၆. လက်တွဲကြိုးပမ်း - တစ်ကိုယ်တော်မလုပ်ပဲ အများနဲ့လက်တွဲကြိုးပမ်းတဲ့အကျင့်။

၇. ကိုယ့်ကိုယ်ကိုပြန်သ - စိတ်တံခါးပိတ်မထားပဲ အတွေးသစ် အမြင်သစ်တွေကို လက်ခံနိုင်တဲ့အကျင့်။

အဲဒီအကျင့်တွေရှိနေဖို့ကြိုးစားနိုင်မယ်ဆိုရင်တော့ ဘ၀မှာ အောင်မြင်သူတွေဖြစ်လာပါလိမ့်မယ်။

ကျော်ဝင်းရေးတဲ့ နှစ်ဆယ့်တစ်ရာစုသားရွှေဥ ဆိုတဲ့ဘာသာပြန်စာအုပ်ထဲကတစ်ချို့ဖြစ်ပါတယ်။ မူရင်းစာအုပ်ကတော့ The 7 Habits Of Highly Effective Teens ဖြစ်ပြီး Sean Covey ရေးတာဖြစ်ပါတယ်။ တော်တော်တော့ ကြာပြီဖြစ်ပေမယ့် အသုံးဝင်နိုင်လိမ့်မယ်ထင်လို့ ရေးလိုက်တာပါ။

Read More...

Friday, November 10, 2006

E-learning

ဒီနေ့ အလုံးကြီးတစ်လုံးတော့ ကျသွားပြန်ပြီ။ လျှောက်တွေးမနေကြနဲ့နော်။ ကျောင်းကပေးထားတဲ့
တာဝန်တချို့ပြီးသွားတာကိုပြောတာ။ ကြံကြံဖန်ဖန်လဲလုပ်ခိုင်းတဲ့ကျောင်း။ အလကားနေရင်း ကျောင်းသားတွေကို ကျောင်းပိတ်ပေးပြီးတော့ အိမ်မှာစာလုပ်ခိုင်းတယ်။ ဘာကြီးမှန်းကိုမသိ။ ဒီနေ့ကနောက်ဆုံးနေ့ဆိုပဲ။ မနှစ်ကလည်း ဒါမျိုးတွေလုပ်ခိုင်းသေးတယ်။ အဲဒီတုန်းကတော့ ဘာမှကိုမလုပ်ဘူး။ အေးဆေးပဲ။ ဘာမှမတင်လိုက်ဘူး။ ဂရိတ်တွေတော့ မကောင်းဘူးဗျာ။ ဒါကြောင့် အခုလုပ်ပြီ။ သူတို့ခိုင်းတော့လည်းလုပ်ရတာပေါ့။ ပြီးတော့ပြီးသွားပြီ။ တတ်သလောက်မှတ်သလောက်နဲ့ လျှောက်ရေးပြီးတင်ပေးလိုက်တယ်။ နောက်အလုံးတစ်လုံးကကျန်နေသေးတယ်။ လာပြန်ပြီ။ စာမေးပွဲကိုပြောတာပါ။ အဲဒါတွေနဲ့ပဲ ဘလော့ကိုလည်း မရေးဖြစ်တာကြာနေပြီ။ အခုလည်းစိတ်ပြေလက်ပျောက် လျှောက်ရေးနေတာ။ ပြီးရင်တော့ စာပြန်လုပ်လိုက်ဦးမယ်ဗျာ။

Read More...