Thursday, October 19, 2006

ပြောင်းစေသတည်း

ဤဘလော့အား ဘက်ဂရောင်းအမည်း(အနက်)ရောင်မှ မီးခိုးရောင်သို့ အောင်မြင်စွာပြောင်းလဲလိုက်ပါပြီ။

မှတ်ချက်။ ။ မည်သည့် ပရောဂမှ မပါပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။

Read More...

Wednesday, October 18, 2006

ကော်ပီဖြစ်သတဲ့

အော်.... ဒီဘလော့ကို ဘာမှမလုပ်ဖြစ်တာလည်း ကြာပြီပေါ့။ အလုပ်တွေကလည်းရှုပ်၊ ရေးစရာအကြောင်းအရာတွေလည်း သိပ်မရှိဆိုတော့ ဒီအတိုင်းပဲထားလိုက်မိတယ်။ မြန်မာဘလော့တွေလည်းများလာတယ်ဆိုလို့ ၀မ်းသာမိပါရဲ့။ ဒါပေမယ့် ဘာတွေဖြစ်ပျက်နေကြတယ်ဆိုတာတော့ မသိခဲ့တာအမှန်ပဲဗျ။ ဒီနေ့မှ မမျှော်လင့်ပဲ အဖြစ်အပျက်တွေကို ကိုယ်တွေ့မြင်လိုက်ရတော့ ဘာပြောရမှန်းကို မသိအောင်ပဲ။ တကယ်ဆိုရင် ကျွန်တော်လုံးဝကို မအားဘူး။ လုပ်စရာတွေက ပြည့်လို့။ ဒါပေမယ့် အဲဒါတွေကိုဘေးချပြီး မဖြစ်စလောက်ဥာဏ်လေးနဲ့ နည်းနည်းလောက်တော့ ရေးမှဗျာ။

ကျွန်တော်ဘလော့စရေးဖြစ်တာ ဘာမှမကြာသေးပါဘူး။ တကယ့်ကို ချာတိတ်လေးပေါ့ဗျာ။ အဲဒီလို မျက်စိသူငယ်နားသူငယ်နဲ့ မတတ်တခေါက်လေးလျှောက်ပြီး လုပ်နေခဲ့တာပေါ့။ ဟိုဘလော့လေးတွေကြည့်လိုက် ဒီဘလော့လေးတွေကြည့်လိုက်နဲ့။ တချို့ဘလော့တွေကိုတော်တော်လေးခိုက်တာလည်း ရှိတာပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ကောင်းကောင်းမသိတာအမှန်ပဲ။ ဒါနဲ့ပဲ ဟိုဟာလေးစမ်းလိုက်၊ ဟိုလူကိုမေးလိုက်နဲ့ပဲ ဒီဘလော့လေးဖြစ်လာခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့မှာ ပါရမီဆိုတဲ့ဟာကြီးက မပါလို့လားမသိဘူးဗျာ။ ဘာမှ ထူးခြားဆန်းပြားတဲ့ ဘလော့တော့ဖြစ်မလာဘူး။ ကျွန်တော်လည်းတတ်သလောက်မှတ်သလောက်လေးတွေနဲ့ ဘန်နာလေးဆွဲ ဟိုဟာလေးပြင်၊ ဒီဟာလေးထည့် လုပ်လိုက်တယ်။ ဘာမှထူးခြားနေတဲ့ဘလော့တော့ မဟုတ်ပေမယ့် ကိုယ့်ဘလော့ကို ကိုယ်ကြည့်ပြီးတော့ စိတ်ကလေးကကြည်နူးမိသားဗျ။ ဒီလိုနဲ့နေလာခဲ့တာ ခုမှပဲ ကျွန်တော့ကိုယ်ကျွန်တော် သူများဟာတွေခိုးချနေသလို(တချို့သောဂုရုကြီးများ၏ပြောကြားချက်အရ) ဖြစ်လာတယ်။ စိတ်မကောင်းပါဘူးဗျာ။

ဒီဘလော့စလုပ်တော့ တန်းပလိပ်တွေအများကြီးထဲက ဒီဟာလေးကိုကြိုက်လို့ ယူလိုက်မိတယ်။ အနက်ရောင်ကို ကျွန်တော်ကကြိုက်တယ်လေ။ ယောက်ျားလေးတော်တော်များများကလည်း ဒီအရောင်ပဲကြိုက်ကြမယ်ထင်တာပဲ။ လေးအောက်ကလေးကိုလည်းကြိုက်တယ်ဆိုတော့ အိုကေပေါ့။ ရွေးလိုက်တယ်။ ကျွန်တော်ကလည်း တော်တော်လေးကို ညံ့တယ်။ အဲဒီ စီအက်(စ်)အက်(စ်) တို့ ဘာတို့ကို ကျောင်းမှာတော့သင်ပါရဲ့။ လူကတုံးလေတော့ ဒီတန်းပလိတ်ကို ဘယ်လိုပြင်ရင်ကောင်းမလဲလို့စဉ်းစားနေတာ။ ခုထိပါပဲ။ ကိုယ်ပိုင်တန်းပလိတ်လုပ်ဖို့ဆိုတာ ပိုဆိုးပေါ့။ ဖြစ်အောင်တော့ လုပ်ရတော့မှာပဲလေ။ အနက်ရောင်ကြိုက်တဲ့ စိတ်ကိုလည်း ပြောင်းနိုင်ဖို့ကြိုးစားကြည့်ပါအုံးမယ်။ ဒါပေမယ့်ခုထိတော့ ကြိုက်နေတုန်းပဲမို့ ဒီဘက်ဂရောင်းလေးကိုပဲသုံးပါရစေလားဗျာ။ ရှောက်ဘောက်(စ်)လေးကိုလည်း ဒီတိုင်းပဲထားပါရစေ။ အနုပညာပါရမီကလည်းနည်းလေတော့ ဘလော့လေးကို လှအောင် ရောင်စုံလေးတွေလည်း ဘယ်လိုထည့်ရမှန်း သိဘူးဖြစ်နေတယ်။ ဘာဒီဇိုင်းသင်တန်းမှလည်းမတက်၊ ဒီဇိုင်းအကြောင်းလည်းမသိဆိုတော့ ခပ်ပိန်းပိန်းဘလော့လေးတစ်ခုထက် မပိုပါဘူး။ ဒါပေမယ့် ကျွန်တော့အတွက်တော့ တန်ဖိုးရှိပါတယ်။ ခုမှပဲ ကျွန်တော်ထင်တာတွေ မဟုတ်ပါလားလို့ သိလိုက်ရတယ်ဗျာ။

အခုပြောနေကြတဲ့ အထဲမှာ ကျွန်တော့ဘလော့လေးလည်း ပါနေလားလို့ သိချင်လိုက်တာ။ တကယ်လို့ ကျွန်တော့ဘလော့ကပါ အဲဒီ ၉၀% သောကော်ပီကူးသူများထဲမှာပါနေတယ်ဆိုရင်လဲ ကိုကို မမ တို့ ကျွန်တော့ကို ပြောကြပါ။ ပြီးတော့ အဲဒီလို မောင်ကော်ပီ မဖြစ်ရအောင် လမ်းညွှန်ပေးကြပါဦး။ အခုမှပဲ ကိုယ့်ကိုယ်ကို လိပ်ပြာတောင် မလုံချင်တော့ဘူး။ ဒီလိုပြောလို့ ကျွန်တော်ကပဲ ကော်ပီကူးထားသလို။ အလကား ဖရီးပေးထားတဲ့တန်းပလိတ်ကို သုံးထားတာတော့ ကော်ပီလို့ မပြောကြလောက်ပါဘူး။ နော်။

ကျွန်တော့ သူငယ်ချင်းတွေကို ကြုံရင်ပြောပေးပါ့မယ်။ ရှောက်ဘောက်(စ်) ထဲမှာ လူကြီးလူကောင်းဆန်ဆန်ပြောကြပါလို့။ အနက်ရောင်ကြိုက်တတ်ရင်တော့ ဘလော့ကိုဝေးဝေးရှောင်ပါလို့။ ကိုယ်ရေးကိုယ်တာတွေရေးချင်ရင် ဒိုင်ယာရီစာအုပ်လေးတွေ ၀ယ်ရေးကြပါလို့။ တကယ်စေတနာအရင်းခံပြီးပြောတာပါပေါ့။ တကယ်ပါ။ အော်.... ကျန်သေးတယ်။ ခပ်ပိန်းပိန်း ၊ ခပ်စုတ်စုတ် ဘလော့လေးတွေပဲရေးတတ်တယ်ဆိုရင် အနားတောင်မလာနဲ့လို့။ စိတ်ကူးကောင်းမှု၊ ဖန်တီးမှုအားကောင်းမှု၊ အသစ်များတီထွင်နိုင်မှု ဆိုတာတွေရှိမှ လာခဲ့ပါလို့။ စေတနာနဲ့ပြောတာပါဗျာ။

ဝေယံ
စင်ကာပူနိုင်ငံ(မြန်မာနိုင်ငံသား)

ကိုးကားချက်။ ။ မေဗလပ်(စ်)ညီလင်းဆက်mmhan
မောင်သန့်ဇင်

Read More...

Saturday, September 23, 2006

ဖြေကြည့်

ဘလော့ဘက်ကိုလှည့်မကြည့်ဖြစ်တာလည်း တော်တော်ကိုကြာသွားပြီ။ အားမှမအားတာပဲဗျာ။ ဘာလို့လဲဆိုရင်တော့ အခုက ကျောင်းအားလပ်ရက်လေ။ ဒီတော့ကာ အများသူငှာတို့လိုပဲ အကျိုးရှိအောင် အပိုဝင်ငွေလေးများ ရှာနေရတာပေါ့။ သတိထားမိတာတစ်ခုကတော့ ဟိုကိုမပြန်ဖြစ်တဲ့သူတော်တော်များများက အဲဒီလိုအလုပ်လေးတွေ ရှာဖွေပြီးလုပ်နေကြတာပါ။ ဘာမှတော့ မဟုတ်ပေမယ့် တစ်ခုတော့ ခေါင်းထဲကိုဝင်လာလို့စဉ်းစားမိတယ်။ ဒီကိုမလာခင် ကျွန်တော်တို့ ဟိုမှာနေတုန်းက အဲဒီလိုအားလပ်ချိန်လေးတွေကို ဘယ်လိုဖြတ်သန်းခဲ့သလည်းဆိုတာ။ သေချာတာကတော့ ဘယ်သူမှ အလုပ်မလုပ်ပါဘူး။ အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတာ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးခဲ့ကြမယ်ထင်တယ်။ လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ အချိန်ဆိုတာ အလကားရတယ်ထင်လို့လားမသိ။ အလကားဖြစ်အောင်နေတယ်ဗျ။ အေးပေါ့လေ။ လုပ်စရာအလုပ်ဆိုတာမှ မရှိတာပဲ။ နော်။ အပူအပင်ဆိုတာလဲ မရှိတာလား မသိတာလားတော့ မသိဘူး။ ကောင်းတော့ ကောင်းသလိုပဲ။ စဉ်းစားမိတယ်။ ဘာလို့များ ဒီမှာ လာပြီးတော့ အပင်ပန်းခံပြီးနေချင်ကြပါလိမ့်လို့။ အဖြေကတော့ရှိမှာပါ။ ကျွန်တော်မဖြေချင်တော့ပါဘူး။ ဖြေချင်တဲ့လူတွေ ဖြေပေးကြပေါ့ဗျာ။

Read More...

Tuesday, September 12, 2006

၉/၁၁

လွန်ခဲ့တဲ့ ၅ နှစ် ဒီရက်မှာ တစ်ကမ္ဘာလုံးတုန်လှုပ်သွားရတဲ့အဖြစ်အပျက်ကြီးဖြစ်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်မှုအဆောက်အအုံကြီးကို လေယဉ်တွေနဲ့အစွန်းရောက်ဝါဒီတွေက ၀င်တိုက်လိုက်တာ လူပေါင်းထောင်နဲ့ချီပြီးသေခဲ့ရတယ်။ ၅ နှစ်ဆိုတဲ့အချိန်ကိုကျော်ဖြတ်လာခဲ့ပေမယ့် ဘယ်တော့မှ မမေ့နိုင်တဲ့သမိုင်းဝင်နေ့ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတိပ်ခွေကို ကြည့်လိုက်ရပါတယ်။ ကြည့်နေရင်းနဲ့စိတ်ထဲမှာ တော်တော်ကြီးကို ခံစားရတယ်။ မီးတွေတဟုန်းဟုန်းတောက်နေတဲ့ အထပ်ပေါင်းများစွာမြင့်မားလှသောအဲဒီဆောက်အအုံထဲမှာ ပိတ်မိနေတာကိုယ်သာဆိုရင်ဆိုတဲ့အတွေးက ၀င်လာပါတယ်။ အောက်ကိုခုန်ဆင်းဖို့ဆိုတာက သေရုံမှတပါးအခြားမရှိပါဘူး။ သေချိန်ကိုထိုင်စောင့်နေရတဲ့အဖြစ်။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့များ ဒီလိုလုပ်လိုက်ပါလိမ့်။ အဲဒီအချိန်ကစလို့ လူတွေအားလုံး ကျီးလန့်စာစားနဲ့။ ဟိုနေရာကဗုံးပေါက်မလား၊ ဒီနေရာကဗုံးပေါက်မလားနဲ့ဖြစ်နေရပြီ။ ဒါနဲ့လည်းအားမရသေးပါဘူး။ ရထားပေါ်မှာပေါက်လိုက်။ ကားပေါ်မှာပေါက်လိုက်။ ထပ်ပြီးလဲဖေါက်ဦးမယ်လို့ ကြုံးဝါးနေတုန်းပါပဲ။ မလုပ်ကြပါနဲ့တော့ ဦးလေးကြီးတို့ရယ်။ ကမ္ဘာကြီးလည်း ရစရာကိုမရှိတော့ပါဘူး။

Read More...

Wednesday, September 06, 2006

စီးပွားရေးနဲ့ဘောလုံးလောက

ပရီးမိးယားလိဂ်ဘောလုံးပွဲတွေလည်းပြန်စနေကြပြီပေါ့။ အပြောင်းအရွေ့ဈေးကွက်မပိတ်မီမှာ အသင်းတော်တော်များများက လူသစ်များဝယ်ယူပြီး အားဖြည့်နေကြတာကိုတွေ့ရတယ်။ အဲဒီအထဲမှာ အထူးခြားဆုံးနဲ့ မထင်မှတ်ဆုံးကတော့ အများသိပြီးကြတဲ့အတိုင်း ၀က်(စ်)ဟမ်းအသင်းကို အာဂျင်တီးနားလက်ရွေးစင်နှစ်ဦးဖြစ်တဲ့ တီဗက်(စ်)နဲ့ မာရှေရာနိုတို့ ပြောင်းရွေ့သွားတဲ့သတင်းပါ။ ဘာလို့မထင်မှတ်သလဲဆိုတော့ ၀က်(စ်)ဟမ်းအသင်းဆိုတာ ပရီးမီးယားလိဂ်မှာ အောက်ဆုံးကအသင်းပါ။ ပထမတန်းရောက်လိုက် ပြန်တက်လာလိုက်နဲ့ဖြစ်နေတဲ့အသင်းပေါ့။ အဲဒီလိုအသင်းမျိုးကို တကယ့်ကမ္ဘာကျော်ဘောလုံးသမားနှစ်ယောက်က လာကစားတယ်ဆိုတာ ဘာအကြောင်းတွေများရှိနေလို့လဲ။ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ လူတော်တော်များများကတော့ ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ခုခုတော့ရှိနေတယ်လို့ယူဆကြပါတယ်။ အဲဒီလိုယူဆချက်တွေဟာ အလကားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တီဗက်(စ်)နဲ့မာရှေရာနိုတို့ရဲ့ ယခင်ကလပ်ကိုရင်သီရမ်ဟာ လန်ဒန်အခြေစိုက်စီးပွားရေးလုပ်ငန်းကြီးတစ်ခုကပိုင်တာပါ။ ၀က်(စ်)ဟမ်းကိုဝယ်ဖို့ကြိုးစားနေတဲ့ ဂျော်ဂျီယာကသူဋ္ဌေးကြီးတစ်ယောက်နဲ့ အဲဒီကုပ္ပဏီရဲ့အကြီးအကဲတို့ကရင်းနှီးတယ်လို့ပြောကြပါတယ်။ ဒီအပြောင်းအရွေ့ရဲ့နောက်ကွယ်မှာ သူတို့ဟာအဓိကကြိုးကိုင်သူများဖြစ်ပြီး ချယ်ဆီးသူဋ္ဌေး အေဘရာမိုဗစ်ပါ ပတ်သက်နေလိမ့်မယ်လို့ခန့်မှန်းနေကြပါတယ်။
ဘောလုံးဆိုတာတစ်ကယ်တော့ တစ်ကမ္ဘာလုံးအားပေးမှုအများဆုံးပါ။ အဲဒါကြောင့် စီးပွားရေးသမားများက ဘောလုံးလောကကိုစိတ်ဝင်စားလာကြပါတယ်။ ဘောလုံးဟာအားကစားနည်းတစ်ခုပါ။ ဒါပေမယ့် စီးပွားရေးသမားများက စီးပွားရေးဆန်စွာနဲ့ ဘောလုံးလောကကိုကြိုးကိုင်နေကြတယ်။ ချယ်ဆီးအသင်းကို အေဘရာမိုဗစ်ဝယ်ပြီးတဲ့နောက်ပိုင်းမှာ
ဘောလုံးလောကထဲကို စီးပွားရေသမားများ တစ်ယောက်ပြီးတစ်ယောက် ပိုပိုရောက်လာပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘောလုံးလောကတစ်ခုလုံးမမျှော်လင့်တာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတော့တယ်။ ဘောလုံးသမားတွေကိုတန်ရာတန်ကြေးထက်ပိုပြီးပေးဝယ်လာကြတယ်။ လခတွေလည်း ကြောက်စရာကောင်းလောက်အောင်ကိုပေးလာကြတယ်။ ကိုယ့်အသင်းကဘောလုံးသမားတွေကို အသင်းကြီးတွေကလာဝယ်ရင် အဆမတန်ဈေးတွေသတ်မှတ်ပြီးတောင်းကြတယ်။ စီးပွားရေးသမားများပီသစွာနဲ့ ဘောလုံးလောကကိုကြိုးကိုင်ထိန်းချုပ်နေကြတယ်။ ဘောလုံးသမားများကို ကုန်ပစ္စည်းသဖွယ် ရောင်းဝယ်လာကြတယ်။
ဒီကိစ္စရဲ့နောက်ကွယ်မှာ အေဘရာမိုဗစ်ရှိနိုင်တယ်ဆိုတာကို အင်္ဂလန်နိုင်ငံထုတ် THE SUN သတင်းစာက ဓာတ်ပုံအထောက်အထားများနဲ့ တင်ပြသွားပါတယ်။ အဲဒီကစားသမားနှစ်ယောက်ဟာ ၀က်(စ်)ဟမ်းမှာ တစ်ရာသီလောက်သာကစားပြီးနောက်နှစ်မှာ ချယ်ဆီးကိုရောက်မယ်လို့ခန့်မှန်းနေကြတယ်။ ချယ်ဆီးမှာ ယခုလူတွေများနေတဲ့အတွက် ခုဝယ်လိုက်လဲအဆင်မပြေ၊ တခြားအသင်းများထံရောက်သွားမှာလဲစိုးရိမ်တဲ့အတွက် ကုန်တွေလှောင်ထားသလိုလုပ်သွားတာလဲဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက ဘယ်အသင်းစွဲနဲ့မှ ပြောနေတာမဟုတ်ပါဘူး။ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ရာ၊ ပိုက်ဆံခ၀ါချရာ(ငွေမည်းများကိုငွေဖြူဖြစ်အောင်ပြုလုပ်ရာ) နေရာဟာ ဘောလုံးလောကဖြစ်လာနေပြီဆိုတာကို ပြောချင်တာပါ။ ဒီအတိုင်းဆိုရင်တော့ နောက်ဖြစ်လာမယ့် အကျိုးဆက်များကို ခန့်မှန်းလို့တောင်မရနိုင်တော့ပါဘူး။ ဖီဖာဆိုတဲ့ဟာကြီးလဲ ဒါကိုစုံစမ်းနေတယ်လို့တော့ပြောပါတယ်။
ရင်လေးစရာတော့ကောင်းနေပါပြီဘောလုံးလောက။ ။

Read More...